Sunday, February 1, 2015

ဒွန်းတက်တွင် အမြောက်ကျည်များပေါက်ကွဲ၊ ၁၂ ဦး သေဆုံး

Photo: ဒွန်းတက်တွင် အမြောက်ကျည်များပေါက်ကွဲ၊ ၁၂ ဦး သေဆုံး

ဒွန်းတက်   ဇန်နဝါရီ   ၃၁

ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအသစ် ကျင်းပရေးတောင်းဆိုမှု  မအောင်မမြင်ဖြစ်ခဲ့ပြီး နောက်အစိုးရတပ်များနှင့်  ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များအကြား တိုက်ပွဲများပြင်းထန်လျက် ရှိစဉ် သူပုန်များ၏ အဓိကခြေကုပ်စခန်း ဒွန်းတက်မြို့တွင်း၌ သောကြာနေ့တွင် အမြောက်ကျည်များ ကျရောက်ပေါက်ကွဲရာ အရပ်သား အနည်းဆုံး ၁၂ ဦးသေဆုံးကြောင်း ယနေ့အေပီသတင်းတွင် ဖော်ပြသည်။

ဒုက္ခသည် ကယ်ဆယ်ရေးစခန်း၏အပြင်ဘက်၌  လူသားချင်းစာနာ ထောက်ထားသော အကူအညီများကို စောင့်ဆိုင်းနေစဉ် အမြောက်ကျည်သင့်၍ ငါးဦးသေဆုံးခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်းမှာပင် ဘတ်စ်ကား ဂိတ်အနီး၌ မော်တာကျည်ကျရောက် ပေါက်ကွဲ၍ နှစ်ဦးသေဆုံးခဲ့ကြသည်။

ဒွန်းတက်မြို့၏ အနောက်ပိုင်း၌လည်း သောကြာနေ့တွင် အမြောက်ကျရောက်ပေါက်ကွဲသဖြင့် ငါးဦးသေဆုံးခဲ့သည်။

တစ်ခုသော အချိန်အတိုင်းအတာအထိ  ငြိမ်သက်လျက်ရှိပြီးနောက် ယခုလစောစောပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ သူပုန်များ ထိန်းချုပ်ထားသည့် ဒွန်းတက်နှင့် လူဟန့်မြို့နှစ်မြို့အကြားရှိ အရေးပါသော မီးရထားလမ်း အချက်အချာမြို့ ဒီဗော့ဆီးဗီးကို ဦးတည်၍ တိုက်ခိုက်ကြခြင်းဖြစ်သည်။

ကြာသပတေးနေ့တွင် ခွဲထွက်ရေးသမားများသည် ဖူလီဟတ်မြို့တွင်းရှိ အစိုးရစစ်ကြောင်းများကို ထိုးဖောက်၍  ဒီဗော့ဆီးဗီးသို့  တဖြည်းဖြည်း ချီတက်လျက်ရှိသည်။  ဖူလီဟတ်ရှိ အစိုးရတပ် စစ်ဆေးရေးစခန်းများနှင့် စစ်စခန်းတို့ကို သူပုန်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ကြောင်း ယူကရိန်း အရှေ့ပိုင်းစစ်ဆင်ရေး ပြန်ကြားရေးရုံးက သောကြာနေ့တွင် ပြောကြားသည်။ ဒီဗော့ဆီးဗီးတွင် လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ သောက်သုံးရေနှင့် အိမ်သုံးဓာတ်ငွေ့များ ပြတ်လပ်ခြင်းတို့ ဖြစ်နေသည်မှာ ရက်သတ္တတစ်ပတ် ကျော်ကြာပြီဖြစ်သည်။

ယူကရိန်းရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူး နီးလ်ဝေါလ်ကိုက အရပ်သားများ ရွှေ့ပြောင်းနိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားသော  အကူအညီများ ပေးပို့ရေးတို့အတွက် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည်။    အေပီ။

No comments:

Post a Comment