Sunday, February 1, 2015

ကနေဒါနိုင်ငံတွင် H7 N9 ဗိုင်းရပ်စ်ပိုးတွေ့ရှိ

Photo: ကနေဒါနိုင်ငံတွင် H7 N9  ဗိုင်းရပ်စ်ပိုးတွေ့ရှိ

အော့တဝါ    ဇန်နဝါရီ     ၃၁ 

လွန်ခဲ့သော  ရက်သတ္တပတ်က တရုတ်နိုင်ငံမှ ပြန်လာခဲ့ပြီးနောက် ကနေဒါနိုင်ငံသူ အမျိုးသမီးတစ်ဦးသည် H7 N9 ကြက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်းနှင့် နောက်ထပ် သုံးရက်အကြာတွင် သူ၏ခင်ပွန်းကို ရောဂါပိုးဆက်လက်ကူးစက်ခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဆိုသည်။ 

ကနေဒါနိုင်ငံအနောက်ဘက် ဗြိတိသျှ ကိုလံဘီယာ စီရင်စုတွင်နေထိုင်ကြသော အသက် ၅ဝ နှစ်အရွယ် ၎င်းတို့ဇနီးမောင်နှံသည် ဇန်နဝါရီ ၂ ရက်တွင် ကနေဒါ နိုင်ငံသို့  ပြန်လည်ရောက်ရှိပြီးနောက် ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာအဖြစ် ဖျားနာမှုဝေဒနာကို စတင်ခံစားခဲ့ရသည်။ 
   
အဆိုပါအမျိုးသမီးအား ဇန်နဝါရီ ၂၅ ရက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။ နောက်ထပ် သုံးရက်အကြာတွင် သူ၏ခင်ပွန်းတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့၏ဗိုင်းရပ်စ်ပိုးကူးစက်မှုသည် မြောက်အမေရိကတွင် ပထမဆုံးသော ရောဂါတွေ့ရှိမှုဖြစ်သည်။ ကနေဒါနိုင်ငံရှိ ငှက်များကို ရောဂါစစ်ဆေးမှုများ မပြုလုပ်ရသေးပေ။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနှစ်ဦးကို ဆေးရုံသို့ မပို့ဆောင်ဘဲ နေအိမ်တွင် သီးသန့်ထားခဲ့သည်။ မကြာမီ အချိန်တွင် ၎င်းတို့၏ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ကျန်းမာရေးအရာရှိများက ဆိုသည်။ 

နှစ်နှစ်အကြာက တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ် ကွေးရောဂါပိုးကူးစက်ပြန့်ပွားခဲ့သည်။ ရံဖန်ရံခါမှသာလျှင် မိသားစုဝင်များအကြား ရောဂါကူးစက်မှုရှိကြောင်းနှင့် လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်နိုင်ခြေနည်းပါးကြောင်း တရုတ်ဆေးပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအလင်းပြောခဲ့သည်။ 

၂ဝ၁၄ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၅၃ ဦးအနက် ၁၇၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။   အေအက်ဖ်ပီ။

No comments:

Post a Comment