Sunday, February 1, 2015

ကြေးမုံ စာတည်းရှုထောင့်



အထူးစီးပွားရေးဇုန်များ

မြန်မာနိုင်ငံတွင် ရှည်လျားသောကမ်းရိုးတန်းများနှင့်အတူ ဆိပ်ကမ်းများရှိသည်။ ယင်းတို့တွင် ပင်လယ်ရေနက်ဆိပ်ကမ်းများလည်းရှိခဲ့ပြီး ယခင်က ဖော်ထုတ်ထားခြင်းမရှိချေ။ ယခုအခါ ကုန်းလမ်းနှင့် ပင်လယ်ရေလမ်းကြောင်းများပေါ်ထွက်လာရာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းများရှိလာပြီး ယင်းတို့နှင့်အတူ အထူးစီးပွားရေးဇုန်များ ဖြစ်ထွန်းလာသည်ကို တွေ့ရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းအဆင့်ဆင့်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မူဘောင်သဘောတူစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီး လုပ်ငန်းအဆင့်ဆင့်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကနဦးအဆင့်တွင် နှစ်လမ်းသွားလမ်း၊ ဆိပ်ကမ်းငယ်၊ စက်မှု ရပ်ကွက်၊ ရေနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုအစီအစဉ်၊ မြို့ပြနှင့် ဆက်သွယ်ရေးစနစ်တို့ကို စတင်ဆောင်ရွက်တော့မည်ဟု သိရသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများမှာ မြန်မာနိုင်ငံနှင့် ဆက်စပ်နိုင်ငံတို့ရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မည့်အပြင် မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးသာမက အိန္ဒိယ-မဟာမဲခေါင် တောင်ဘက်စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အကူအညီပေးနိုင်မည့်စီမံကိန်းဖြစ်၍ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျှော်လင့်ချက်များဟု ဆိုနိုင်ပါသည်။

ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များမှ ပေါ်ထွက်လာသည့် အကျိုးရလဒ်ကောင်းများပင် ဖြစ်သည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတစ်ခုလုံးအတွက် အကျိုးများလှသည်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကာလရှည်မဟာ စီမံကိန်းတစ်ရပ် ရေးဆွဲထားသည်။ စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု၊ ထိုင်းနိုင်ငံနှင့်ဆက်သွယ်မည့် အဝေးပြေးကားလမ်းတစ်ခုတို့ပါဝင်သည်။ နှစ်လမ်းသွားအဝေးပြေးကားလမ်းအတွက် ထိုင်းနိုင်ငံက ဘဏ္ဍာရေးအကူအညီ ပေးအပ်မည်ဟု ကမ်းလှမ်းထားသည်။

တစ်ဆက်တည်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မဒဲကျွန်းတွင် ရေနံတင်ဆိပ်ကမ်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆိပ်ကမ်းတည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသော ရေနံစိမ်းများကို မဒဲကျွန်းတွင် ရေနံချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ဆိပ်ကမ်းတွင် ရေနံစိမ်းတန်ချိန် သုံးသိန်းဆံ့သင်္ဘောကြီးများ ဆိုက်ကပ်နိုင်အောင်စီစဉ်ထားသည်။ ထိုဆိပ်ကမ်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံနှင့် ပြည်တွင်းသုံးစွဲမှုအတွက် ခွဲဝေပို့လွှတ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ထားခြင်းဖြစ်၍ ပိုက်လိုင်းတစ်လျှောက် ရေနံ ယိုဖိတ်မှုမရှိစေရေး၊ ထိန်းသိမ်းရေး၊ မီးဘေးကာကွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံများကိုပါ ထည့်သွင်းဆောင်ရွက်ထားရာ ဒေသခံ ပြည်သူများအား သိရှိနားလည်စေရန် ကျယ်ကျယ်ပြန့်ပြန့်အသိပေးကြရ မည်ဖြစ်သည်။

နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသုံးစွဲမှုအတွက် ခွဲဝေဆောင်ရွက်ခြင်းဖြစ်၍ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိသည်ကို ထင်သာမြင်သာသိမြင်နိုင်ဖို့လည်း လိုအပ်သည်။ ထို့အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဒေသအလိုက် လူမှုစီးပွားကူညီ ထောက်ပံ့ပေးနိုင်ခြင်းတို့ကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများပါ တစ်စတစ်စတိုးတက်ဖြစ်ထွန်းလာမည်ဟု ယုံကြည်ထားရှိမှုများကိုလည်း ပြည်သူများသိရှိထားဖို့လိုပေလိမ့်မည်။ လက်တွေ့တွင်လည်း စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေကန်၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ကို စီမံကိန်းစတင်သည့်နှစ်မှ ယနေ့အချိန်အထိ အမေရိကန် ဒေါ်လာ ၁၃ သန်းကျော်အကုန်အကျခံ ဆောင်ရွက်ပေးနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများတွင် ပြည်သူများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ခြင်းများအား ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment