Sunday, February 1, 2015

ပြည်သူလူထုလိုလားတောင့်တနေတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်ဖို့ အားလုံးမှာတာဝန်ရှိ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
(၁-၂-၂ဝ၁၅)

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြားနေကြဖြစ်တဲ့အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

အခုလာမယ့် ဖေဖော်ဝါရီလဟာဆိုရင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြသတဲ့ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါတယ်။ ပင်လုံကနေ အစပြုခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကိစ္စကို ဖြစ်စဉ်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ လက်ထက်အထိ ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ရမှာလည်းဖြစ်ပါတယ်။ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အခက်အခဲတချို့ ရှိနေသည့်တိုင် အဆင့်ဆင့်ဖြစ်ထွန်းမှုတွေရှိနေပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ဖို့ ပြင်ဆင်နေတာက သက်သေထူ လျက်ရှိပါတယ်။

ဒီလို လုပ်ငန်းစဉ်များမှာ ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ အမျိုးသားနိုင်ငံရေးအင်အားစုများကို ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်းလိုတာ ရှိပါတယ်။ ဒါကတော့ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မိမိတို့ကျရာကဏ္ဍအသီးသီးကနေ တည်ဆောက်ပေးနိုင်စွမ်း ရှိတယ်ဆိုတဲ့ ရပ်တည်ချက်ကနေရှုမြင်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်ဆင့်တက်လှမ်းပြီး အောင်မြင်မှုတွေ ရယူပေးကြဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရလက်ထက်မှာ ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံရေးအရ ဖြေလျှော့မှုတွေနဲ့ နိုင်ငံရေးယဉ်ကျေးမှုအသက်ဝင်လာစေရေး ကြိုးပမ်းမှုတွေဟာ အပြောသက်သက်မဟုတ်တော့ဘဲ လက်တွေ့ကျကျ ဖြစ်ထွန်းနေပြီဆိုတာ အားလုံးရှုမြင်ခံစားနေရပြီဖြစ်ပါတယ်။ ဒီဖြစ်ထွန်းမှုတွေ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် နိုင်ငံရေးအာမခံချက်များရရှိအောင်လို့ ဖြစ်စဉ်တိုင်းမှာ အဆင့်ဆင့်တက်လှမ်းပြီး နိုင်ငံရေးသဘောတူညီချက်များ ရယူကြဖို့ ထပ်မံတိုက်တွန်းရင်း ဖေဖော်ဝါရီလအတွက် မိန့်ခွန်းကို အစပြုပြော ကြားလိုပါတယ်။

၂ဝ၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ ထူးခြားမှုတွေရှိမယ့်နှစ်ဖြစ်တယ်လို့ ကျွန်တော့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့သလိုပဲ ဒီနှစ်သစ်ရဲ့ ပထမဦးဆုံးလဖြစ်တဲ့ ဇန်နဝါရီလအတွင်းမှာ နိုင်ငံရေးအရ ထူးခြားတဲ့ဖြစ်စဉ် တွေဖြစ်ပေါ်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ နိုင်ငံရေးအရ တိုးတက်မှုတွေပါဝင်နေသလို စိန်ခေါ်မှုတွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ ကျွန်တော်မကြာခဏ ပြောကြားခဲ့သလိုပဲ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်တဲ့နိုင်ငံများမှာ ကြုံတွေ့ရမြဲဖြစ်ရပ်တွေသာ ဖြစ်ပြီးတော့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဖြစ်စဉ်များနဲ့ လက်ရှိကျင့်သုံးနေတဲ့ စနစ်တွေရဲ့ အကျိုးဆက်တွေအရ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲများ ကျင်းပမယ့်နှစ်ဖြစ်တဲ့အတွက်လည်း ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုများရဲ့ မျှော်လင့်ချက်များမြင့်တက်နေတဲ့ကာလမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေကို ထပ်မံကြုံတွေ့ရဦးမှာဖြစ်တယ်ဆိုတာလည်း လက်သင့်ခံထားရမှာဖြစ်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအောင်မြင်ဖို့နဲ့ ဒီမိုကရေစီအခြေတည် ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဆိုတဲ့ကိစ္စများဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရည်မှန်းထားတဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့၊ ရယူပိုင်ဆိုင်လိုတဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုရရှိဖို့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုများကို မဖြစ်မနေ ကျော်လွှားကြရမှာလည်းဖြစ်ပါတယ်။ ဒီလိုကျော်လွှားရတာ ခက်ခဲတယ်ဆိုတာ နိုင်ငံတကာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းခဲ့ကြတဲ့ နိုင်ငံများရဲ့ ဥပမာတွေက သက်သေထူနေသလို လက်ရှိကျွန်တော်တို့အားလုံး ကြုံတွေ့နေရတဲ့အခြေအနေများအရလည်း မြင်သာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အထက်မှာဆိုခဲ့သလိုပဲ ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုကို ရယူနိုင်ဖို့ ကြုံတွေ့လာရမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို မဖြစ်မနေ ကျော်လွှားကြရမှာပဲဖြစ်ပါတယ်။ ဒီလိုကျော်လွှားတဲ့အခါမှာလည်း အစိုးရ တစ်ရပ်အနေနဲ့သာမက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများအားလုံးသာမကဘဲ ပြည်သူတစ်ဦးချင်းစီကပါ ချောမွေ့ညင်သာတဲ့ အသွင်ကူးပြောင်းရေးကိုဆိုတဲ့အောင်မြင်မှုကို အချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုများကို အခြေခံပြီး လုပ်ဆောင်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှုမျိုးလိုအပ်ကြောင်း တိုက်တွန်းပြော ကြားလိုပါတယ်။

မြန်မာတစ်မျိုးသားလုံး တစုတစည်းတည်းကြိုးပမ်းမှုရဲ့ပြယုဂ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဟာ ဇန်နဝါရီလရဲ့ ပထမဦးဆုံးအပတ်မှာ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားဟာ ထူးခြားမှု တွေများစွာရှိခဲ့ပါတယ်။ လွတ်လပ်ရေးအောင်ပွဲများကို ခေတ်စနစ်အလိုက် ပုံစံမျိုးစုံကျင်းပပြုလုပ်ခဲ့တဲ့အနက် နှစ်ပေါင်းများစွာအတွင်း ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဗိုလ်ရှုသဘင်အခမ်းအနားဟာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ပြသနိုင်တာဖြစ်ပါတယ်။ ဒီအခမ်းအနားနဲ့တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ခေါင်းဆောင်များနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။

နိုင်ငံရေးအင်အားစုများအကြားမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ အဖြေရှာခြင်းသည်သာလျှင် နည်းလမ်းမှန်ဖြစ်တယ်လို့ ကျွန်တော်မကြာခဏပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနဲ့ တပ်မတော်တို့ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တဲ့ အချက်အရ ပြုလုပ်တာလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်စားပြုမှုတွေကို ပိုမိုကျယ်ပြန့်စေဖို့နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အသံတွေပါ ထည့်သွင်းဆွေးနွေးနိုင်ဖို့အတွက် ရွေးကောက်တင်မြှောက်ခံ တိုင်းရင်းသားရေးရာဝန်ကြီး (၂၉)ဦးကို ဖိတ်ကြားဆွေးနွေးစေခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုအသီးသီးမှာ မတူညီတဲ့ သဘောထားအမြင်တွေနဲ့ ရှုထောင့်ကိုယ်စီရှိကြပေမယ့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအောင်မြင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ ၂ဝ၁၅ အထွေ ထွေရွေးကောက်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်များကတော့ အတူတူပဲဖြစ်ပြီးတော့ ဒီအချက်တွေအပေါ်မှာ မိမိတို့ရဲ့ ကိုယ်ပိုင် ရပ်တည်ချက်များနဲ့ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲတွေကို ထပ်မံပြုလုပ်သွားကြဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အနည်းငယ်ပြောကြားလိုတာ ရှိပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ဖန်တီးဖော်ဆောင်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ နိုင်ငံရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာမှုဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့တိုက်တွန်းမှုကို ကျွန်တော့်အနေနဲ့ ကြိုဆိုကြောင်း တရားဝင်ပြန်ကြားခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပေးပို့လာတဲ့ အဓိကနှစ်ချက်ထဲက တစ်ချက်ဖြစ်တဲ့ ခေတ်စနစ်၊ အချိန်အခါ အခြေအနေနဲ့ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေးဆိုတဲ့အချက်ဟာ ကျွန်တော်အစဉ်တစိုက် ပြောဆိုခဲ့တဲ့ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက် ဖွဲ့စည်းပုံကို အခြေအနေအချိန်အခါအလိုက် ပြင်ဆင်ရေးသားရမှာဖြစ်တယ်ဆိုတဲ့အချက်နဲ့ တူညီပါတယ်။ ဒီလိုပြင်ဆင်တဲ့ အခါမှာလည်း နိုင်ငံသားများရဲ့ ပြည်လုံးကျွတ်သဘောထားဆန္ဒခံယူမှုများနဲ့ ပြုလုပ်ရမယ့် ကိစ္စရပ်တွေ ပါဝင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းများနဲ့အညီ ပြင်ဆင်ခြင်းကသာလျှင် နည်းလမ်းမှန်ဖြစ်ကြောင်းလည်း ပြန်ကြားခဲ့ပါတယ်။

ဒုတိယတစ်ချက်ဖြစ်တဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးရန်ဆိုတဲ့ အချက်မှာလည်း အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်တို့သာမကဘဲ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ဖို့လိုအပ်တယ်လို့ ရှုမြင်မိပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးများကို ထည့်သွင်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဆွေးနွေးစရာကိစ္စတွေ များပြားနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ပါဝင်မှုတွေလည်း လိုအပ်တဲ့အတွက် အချိန်တွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့တိုက်တွန်းမှုကို ငြင်းပယ်တာမဟုတ်ဘဲ တွေ့ဆုံမှု တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်သွားရမှာဖြစ်ပြီး ကျယ်ပြန့်တဲ့ပါဝင်မှုတွေ ဖြစ်အောင်လည်း လုပ်ဆောင်ရမှာဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားရှိပါတယ်။ ပေးအပ်လာတဲ့အခြေအနေအတွင်းမှာ တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်းလည်း အသိပေးပြောကြားလိုပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကျောင်းသားများရဲ့ လိုလားချက်တွေကို ဆန္ဒဖော်ထုတ်ကြတဲ့ ကိစ္စတွေဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူများနဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကျောင်းသားအဖွဲ့များနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာကြဖို့ သဘောတူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိ ကာလဟာ စာမေးပွဲရာသီဖြစ်တဲ့အတွက် ကျောင်းတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲများရွှေ့ဆိုင်းရခြင်း၊ ကျောင်းများ ပိတ်ရခြင်းများ ဖြစ်ပေါ်လာမှာကို ကျောင်းသားမိဘများအနေနဲ့ စိုးရိမ်ပူပန်မှုရှိနေကြတာကိုလည်း ကြားသိရပါတယ်။ အခုအချိန်မှာဆိုရင် ဆန္ဒပြချီတက်မှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုတွေကို ခိုင်ခိုင်မာမာ စတင်ကြရမှာလည်း ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းရေးနည်းလမ်းသာလျှင် လက်တွေ့ကျတဲ့ အဖြေဖြစ်တယ်ဆိုတာကို ဆုပ်ကိုင်ထားဖို့လိုအပ်ပါတယ်။ ကျောင်းသားများရဲ့ လိုလားချက်တွေ ဖြည့်ဆည်းနိုင်ရေးအတွက် ဆက်လက်ဆွေးနွေး လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်များကို ညှိနှိုင်းလုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ စာမေးပွဲများလည်း နီးကပ်လာနေပြီဖြစ်တဲ့အတွက် ဆန္ဒပြကျောင်းသားအချို့အနေနဲ့ တောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန်ညှိနှိုင်းကြပြီးတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးကို အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက် နိုင်မယ့်နည်းလမ်းများ ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ခေတ်စနစ်အဆက်ဆက်မှာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေကနေ အကျေအလည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဆိုတဲ့ အလေ့အထကို ပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့တာဟာ ကျွန်တော်တို့နိုင်ငံအတွက် စိတ်မကောင်းစရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းမရှိခဲ့လို့ ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေမှာလည်း တချို့သော ကိစ္စရပ်များမှာ ခက်ခက်ခဲခဲဖြတ်ကျော်ရင်း ကျော်လွှားနိုင်ခဲ့တာတွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒီလို ကျော်လွှားနိုင်ခဲ့တာဟာလည်း စိတ်ရှည်သည်းခံနိုင်မှုနဲ့ ထိန်းသိမ်းနိုင်မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ရှုမြင်မိပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်မှုတွေကို ကိုယ်စားပြုမှုတွေ ပိုမိုရရှိနိုင်ဖို့၊ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ အလေ့အထအသက်ဝင်လာဖို့နဲ့ ရလဒ်ထွက်ပေါ်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအရ အခွင့်အလမ်းပွင့်လမ်းမှုတွေကို အားလုံးက အမိအရဆုပ်ကိုင်အသုံးချ ရမှာလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေမှာ ဖြစ်ထွန်းတိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ အပြိုင် မရေရာမသေချာတဲ့ အခြေအနေတွေကို စွန့်စားကျော်ဖြတ်နေရတာကိုလည်း ကျွန်တော်တို့အားလုံး လက်ခံရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဓိကပြောကြားလိုတာကတော့ ကျွန်တော်တို့အားလုံးအနေနဲ့ သဘောထားမတူညီနိုင်တဲ့ကိစ္စတွေကိုအငြင်းပွားနေမယ့်အစား သဘောတူ နိုင်မယ့်နည်းလမ်းတွေကို ပိုမိုရှာဖွေကြဖို့ပဲဖြစ်ပါတယ်။ စိတ်ရှည်သည်းခံမှုကို နိုင်ငံရေးတန်ဖိုးများအနေနဲ့ ထားရှိပြီး ပြည်သူလူထုလိုလားတောင့်တနေတဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်မျိုးထားရှိဖို့ အရေးကြီးကြောင်းလည်း အထူးပြုပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

No comments:

Post a Comment