Sunday, February 1, 2015

မြန်မာနိုင်ငံကလေးများနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေး

Photo: မြန်မာနိုင်ငံကလေးများနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၃၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီ နာယက ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့ နံနက် ၁ဝ နာရီက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ကလေးများနေ့ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ရေးအတွက် ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁ဝဝ)ပြည့်မွေးနေ့ နှင့် မြန်မာနိုင်ငံကလေးများနေ့ဖြစ် သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့များ၌ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကလေးများနေ့ ကျင်းပရေးစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ယနေ့လူငယ် လူရွယ်များ၏ စိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ ကိန်းအောင်း စေရေးအတွက် ဗိုလ်ချုပ်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့တို့ ပေါင်းစပ်ကျင်းပမည့် အခမ်းအနားတွင် ဗိုလ်ချုပ်၏ မွေးဖွားကြီးပြင်းလာမှု၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် စကားရည်လုပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင်/မြို့နယ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ကျင်းပသကဲ့သို့ ကမ္ဘာအရပ်ရပ်တွင် နိုင်ငံတိုင်းက အမှတ်တရဖြစ်သည့် နေ့ထူးနေ့မြတ်ကို ကလေးများနေ့ အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ အထိမ်းအမှတ် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးစိုးကြည်နှင့် ဦးစိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment