Friday, February 27, 2015

ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဖော်ဆောင်



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်ရာတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်အောင်ဆောင်ရွက်ရန် အရေးကြီးသည်။ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှုနှင့်အတူ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂ဝ၁၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၉ ခုကို ခွင့်ပြုခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၆ ဘီလီယံခန့်ရှိပါသည်။ထို့အတူ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၈၈၁ သန်းအပါအဝင် ငွေကျပ် ၅၈၇ ဒသမ ၂၉၆ ဘီလီယံခန့်ရှိပါသည်။

ဤသို့ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် သုံးသပ်ကြည့်မည်ဆိုပါက ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသည် ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမ၊ စွမ်းအင်ကဏ္ဍသည် ၂၁ ဒသမ ၉ဝ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍသည် ၁၆ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် တတိယနေရာ၌ ရပ်တည်လျက်ရှိပါသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပေါ် သုံးသပ်ကြည့်မည်ဆိုပါက အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ၇၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ပထမ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၉ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့်ဒုတိယ၊ စက်မှုကဏ္ဍတွင် ၄ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် တတိယနေရာ တွင်ရှိပါသည်။

မြန်မာနိုင်ငံ၏ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံများဖြစ်သော ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ နယ်သာလန်နှင့်ဆွီဒင်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာခဲ့ပါသည်။ ယခင်က ရင်းနှီးမြှုပ်နှံမှုနည်းပါးခဲ့သည့် စင်ကာပူ၊ ယူနိုက်တက် ကင်းဒမ်း၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့မှလည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်လာပါသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေခဲ့သည့် ကနေဒါ၊ နယ်သာလန်နှင့်လူဇင်ဘတ်နိုင်ငံတို့မှလည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု အပြိုင်တိုးတက်နေသောကဏ္ဍသည် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍဖြစ်ပါသည်။ဤအချက်ကိုထောက်ရှုလျက် မြန်မာနိုင်ငံတွင် အိမ်ရာအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးတက်လာသည်ကိုတွေ့ရပေသည်။ ဤသို့ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်လူတစ်ဦးချင်းဝင်ငွေတိုးတက်ရေး အထောက်အကူပေးနိုင်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဖော်ဆောင်သွားသင့်ပါကြောင်း။ ။

No comments:

Post a Comment