မန္တလေး ဖေဖော်ဝါရီ ၂၅
လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် သွားရောက်တာဝန်
ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၄၄၅ ဦးသည် ဖေဖော်ဝါရီ ၂၃ ရက်
ညနေပိုင်းတွင် မန္တလေးမြို့ရှိ ပညာရေးကောလိပ်သို့ ရောက်ရှိလာခဲ့ပြီး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက လိုအပ်သည်များကို
ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
''ဆရာ ဆရာမတွေအတွက် လစာငွေနှစ်လစာ ကြိုတင်ထုတ်ပေးဖို့စီစဉ်ထား တယ်။ ဒေသမှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဖို့လည်း လားရှိုးနဲ့ကွမ်းလုံမှာ စာစစ်ဌာနအသစ်ဖွင့်လှစ်ထားတယ်။ အခုဆရာမတွေကို ကျောင်းပိတ်ရက်နဲ့လည်းနီးတဲ့အတွက် အဆင်ပြေအောင်ပြန်ခိုင်းလိုက်တာပါ။ ဟိုမှာရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရော ပြည်သူတွေပါ နောက်တန်း ကို စုစည်းပြီးပြန်ခိုင်းနေပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းပေါင်း ၈ဝဝ ကျော်ရှိ ပါတယ်''ဟု အမှတ်(၂)အခြေခံပညာဦးစီးဌာန(အထက်မြန်မာပြည်) ညွှန်ကြား ရေးမှူးချုပ် ဦးတင်မျိုးကြည်က ပြောသည်။
မန္တလေးမြို့သို့ရောက်ရှိလာသော ပညာရေးဝန်ထမ်းများအား တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ကြိုဆိုနှုတ်ဆက်အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ညနေစာဖြင့် ဧည့်ခံကျွေးမွေးကာ ၄င်းတို့နေထိုင်ရာဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
''ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူလေးတွေအတွက်တော့ စိတ်မကောင်း ပါဘူး။ ဟိုမှာက မငြိမ်မသက်ဖြစ်နေတော့ စိုးရိမ်မိလို့ပြန်လာတာပါ။ အထက် တန်းကျောင်းကလည်း နှစ်ကျောင်းပဲရှိတယ်။ ကလေးတွေ စာမေးပွဲဖြေဆိုဖို့ အတွက် နောက်ပညာသင်နှစ်မတိုင်မီ သွားဖို့စီစဉ်ထားပါတယ်။ အခုလဲ မန္တလေးမှာ ခဏနားပြီးတော့ နေရပ်ကို ညနေကားနဲ့ ပြန်မှာပါ''ဟု လောက် ကိုင် အထက(၁)မှ ပြန်လာသော အထက်တန်းပြဆရာမ ဒေါ်သန်းဌေးက ပြောသည်။
အဆိုပါတိုက်ပွဲရှောင်ပညာရေးဝန်ထမ်းများသည် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ သွားရောက်တာဝန်ထမ်းဆောင်ကြသူအများစု ပါဝင်ကြကြောင်းနှင့် နေရပ်ဒေသများသို့ပြန်ရန် လားရှိုးမှ မန္တလေးမြို့သို့ ရောက်ရှိရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment