Monday, February 2, 2015

ရှေးဟောင်းစေတီအုတ်ပုံအတွင်းမှ မဟာငွေဘုံသာရုပ်ပွားတော်မြတ်ကြီးတွေ့ရှိ

Photo: ရှေးဟောင်းစေတီအုတ်ပုံအတွင်းမှ မဟာငွေဘုံသာရုပ်ပွားတော်မြတ်ကြီးတွေ့ရှိ

မိုးညှင်း   ဖေဖော်ဝါရီ   ၁

ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်  အင်းကုန်းကျေးရွာအုပ်စု   စာထားကျေးရွာ  ကဝိန္ဒာရာမဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်းရှိ ရှေးဟောင်းစေတီကို ရွှေတိဂုံပုံတူ အသစ်ပြန်လည်ပြုပြင်ရန် ဇန်နဝါရီ ၂၇ ရက်က ရှင်းလင်းစဉ် စေတီဟောင်းအုတ်ပုံထိပ်၌ ပေါက်ရောက်လျက်ရှိသော အချင်းနှစ်ပေကျော်ခန့်ရှိ နပဲပင်ငုတ်တိုကို တူးဖြိုရာမှ စေတီဟောင်းအတွင်းမှဉာဏ်တော် ၁၂ ပေ၊ ၁ဝ လက်မ၊ ဦးခေါင်းတော်လုံးပတ် ၉ ပေ၊ ၃ လက်မ၊ ရင်ဘတ်တော် ၆ ပေ၊ ၁ဝ လက်မရှိ  ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးကို တွေ့ရှိခြင်းဖြစ်ကြောင်း၊ စေတီတော်ပြန်လည် ပြုပြင်ရေးအကျိုးဆောင်အဖွဲ့ဝင် ဦးသန်းရွှေ၊ ဦးလှအောင်၊ ဦးသန်းအောင်နှင့် ဦးပွားမောင်တို့က ရှင်းလင်းပြောပြသည်။

စေတီဟောင်းအုတ်ချပ်များသည် တစ်ပေပတ်လည် အုတ်ချပ်များ၊ ၁ပေ ၆ လက်မနှင့်၁ပေ  ၈ လက်မရှိ အုတ်ချပ်များဖြစ်သည်။ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ရှေးခေတ်လက်ရာဖြစ်ပြီး အုတ်စီပုံဖော်၍ သရိုးကိုင်ထားခြင်းဖြစ်သည်။ ဘီလူးမြို့ မဟာရွှေဘုံသာဘုရားသမိုင်းနှင့် ဆက်စပ်လျက်သီရိဓမ္မာသောကမင်းကြီး၏ စေတီအဆူပေါင်း ၈၄ဝဝဝ တွင် တစ်ဆူအပါအဝင်ဖြစ်သော မဟာငွေဘုံသာ ရုပ်ပွားတော်မြတ်ကြီးဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓဘာသာဝင်ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မဟာငွေဘုံသာ ရုပ်ပွားတော်မြတ်ကြီးကို ငုံ၍မတည်တော့ဘဲ ဂန္ဓကုဋိတိုက်ဖြင့်ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အကျိုးဆောင်များကပြောသည်။ ဂန္ဓကုဋိနှင့်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးကို မွမ်းမံတည်ထားပူဇော်နိုင်ရန် ဖားကန့်မြို့နယ် အောင်ဘာလေကျေးရွာမှ ဦးလှဝင်း-ဒေါ်နန်းအေးအောင်မိသားစုက ငွေကျပ်သိန်းသုံးရာ လှူဒါန်းထားကြောင်း သိရသည်။                                          

(ဝ၆၃)
 
No comments:

Post a Comment