နေပြည်တော် ဖေဖော်ဝါရီ ၂၃
လောက်ကိုင်ဒေသတိုက်ပွဲများတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုဟ်သည့် စစ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် လားရှိုးမြို့ အညတရ စစ်သည်ဗိမာန်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြပြီး စစ်ခရာအဖွဲ့မှ ကျဆုံးရဲဘော်အလေး ပြုခရာမှုတ်၍ အလေးပြုကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရစစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုကြပြီး ကျဆုံးသွားသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။ (မြဝတီ)

No comments:
Post a Comment