နေပြည်တော် ဖေဖော်ဝါရီ ၂၃
လောက်ကိုင်-ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီး တစ်ဝိုက်တွင် ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ယနေ့တွင် တပ်မတော်စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ဆုတ်ခွာသွားသည့် အဆိုပါတောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ် နယ်မြေရှင်းလင်းခဲ့ရာ အမ် ၂၁ တစ်လက်၊ အမ် ၂၂ ခုနစ်လက်၊ ဝမ်ချက်စတာ တစ်လက်၊ အမ် ၂၂ ကျည်အိမ် ၁၄ခု၊ အမ် ၂၂ ကျည် ၅ဝ၈ တောင့်၊ ပလတ်စတစ်နင်းမိုင်း နှစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်း တံဆိပ်မပါရှိသည့် ယူနီဖောင်းသုံးစုံ၊ ဗွီဂိုအမျိုးအစား ဖိုးဝှီးယာဉ်တစ်စီး၊ တိုက်ဂါးအမျိုးအစား ဖိုးဝှီးယာဉ် တစ်စီးနှင့် ဆိုင်ကယ်ခုနစ်စီးတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်စစ်ကြောင်းများက လောက်ကိုင်မြို့ အရှေ့တောင်ဘက် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် အမှတ် (၁၂၇) အနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကိုးကန့်သောင်းကျန်းသူအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူအဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်းခြောက်လောင်းနှင့် အမ် ၂၂ လေးလက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ စစ်သည် သုံးဦး အသက်ပေးလှူခဲ့၍ အရာရှိ၊ စစ်သည်ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရအရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံများသို့ ဆက်လက်ပို့ဆောင်လျက်ရှိသည်။
ယနေ့ညနေပိုင်းတွင် လောက်ကိုင်မြို့ စီအောအကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လားရှိုးမြို့ သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား ပါစင်ကျော်ကျေးရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ရွာအနီး၌ ကိုးကန့်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုတ်ခွာသွားသော ကိုးကန့်သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကိုးကန့်သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက်ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင်လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည် တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:
Post a Comment