Wednesday, February 25, 2015

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



ချင်းပြည်နယ်တစ်ခွင်လုံး မီးလင်းတော့မည်

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ရရှိမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း လက်ရှိနိုင်ငံတော်အစိုးရလက်ထက် တစ်နိုင်ငံလုံးမီးလင်းရန် မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်လျက်ရှိရာ ယခင်က လျှပ်စစ် ဓာတ်အားရရှိမှု အနည်းဆုံးဒေသများအား ဦးစားပေးဆောင်ရွက်ခဲ့ သဖြင့် လာမည့်နှစ်နှစ်အတွင်း ချင်းပြည်နယ်တစ်ခွင်လုံး မီးလင်း လာတော့မည်ဖြစ်ပါသည်။
ချင်းပြည်နယ် ၁၂ မြို့ဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက်၊ ကျီခါး၊ ရေဇွာ၊ ရိဒ်ခေါဒါရ်၊ ဆမီးမြို့များသည် ယခင်က ဒီဇယ်မီးစက် များဖြင့်လည်းကောင်း၊ အသေးစားရေအားလျှပ်စစ်ဖြင့်လည်း ကောင်း၊ နာရီပိုင်းမျှသာ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ ယခုအခါ ချင်းပြည်နယ်၏ အဓိကမြို့ကြီးနှစ်မြို့ဖြစ်သည့် ဟားခါးနှင့် ထန်တလန်မြို့များသည် နိုင်ငံတော်မှ ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံကာ ဓာတ်အားလိုင်းများ သွယ် တန်းနိုင်ခဲ့၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ် အားများ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါသည်။
ထို့အတူ ဖလမ်းမြို့နှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် မြို့များသည်လည်း ဓာတ်အားလိုင်းများ သွယ်တန်းတည်ဆောက် လျက်ရှိရာ ယခုနှစ် စက်တင်ဘာလအတွင်း ပြီးစီးရန် ခန့်မှန်း ထားသည့်အတွက် နိုင်ငံတော်ဓာတ်အားဖြင့် မီးပေးနိုင်တော့ မည်ဖြစ်ပါသည်။ မတူပီနှင့် ကန်ပက်လက်မြို့နယ်များအတွက် လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဓာတ်အားလိုင်းနှင့် ခွဲရုံများ တည်ဆောက်သွားမည်ဖြစ်ရာ ၂ဝ၁၆ ခုနှစ်အတွင်း မီးလင်းမည်ဖြစ်ပါသည်။ တီးတိန်၊ တွန်းဇံ၊ ရိဒ်ခေါဒါရ်နှင့် ပလက်ဝမြို့နယ်များအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဓာတ်အားလိုင်းများ သွယ်တန်းတည်ဆောက်သွားရန် စီစဉ် လျက်ရှိပါသည်။
လျှပ်စစ်ဓာတ်အားစနစ်နှင့် အလှမ်းဝေးကွာသည့် ကျီခါး၊ ရေဇွာနှင့် ဆမီးမြို့များကိုလည်း ဓာတ်အားစနစ်မရောက်ရှိနိုင် သေးမီ ဒီဇယ်ဓာတ်အားပေးစနစ်များဖြင့် လျှပ်စစ်မီးပေးမည် ဖြစ်သည့်အပြင် ၄င်းဒေသများတွင် အသေးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် စူးစမ်းရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ဤသို့ ချင်းပြည်နယ်အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးသွားပါက ချင်းပြည်နယ်၏ မြို့နယ် ၁၂ မြို့နယ်အပြင် မြို့များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ပေါင်း ၉၅ ရွာသည်လည်း နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ် မှ ဓာတ်အားများဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။ စီမံကိန်းများ ၂ဝ၁၇ ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားသည့်အတွက် လာမည့် နှစ်နှစ်အတွင်း ချင်းပြည်နယ်တစ်ခွင်လုံး မီးလင်းတော့ မည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ပေးနိုင်ခြင်း၏ အဓိကအချက် မှာ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိခြင်း၏ အသီးအပွင့်ပင် ဖြစ်ပါသည်။ ချင်းပြည်နယ်အတွင်း ဤသို့လျှပ်စစ်မီးလင်းအောင် ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ဒေသစီးပွားရေးမှာလည်း အဘက် ဘက်မှ တိုးတက်လာတော့မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment