Sunday, February 1, 2015

ရင်ခုန်သံများနှင့်စည်ကားသိုက်မြိုက်လှသည့် ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အောက်မှ ရူပဗေဒမိသားစု မိတ်ဆုံစားပွဲ




ရန်ကုန် ဇန်နဝါရီ ၃၁

မြန်မာ့ ပညာရေးသမိုင်း၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးမှာ မီးရောင်စုံများ လင်းလက်တောက်ပလျက်ရှိပြီး ပိုမိုကျက်သရေရှိစွာ လှပလျက်ရှိပါသည်။ ပြန်လည်သက်ဝင်လာပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးမှာ လည်း ရူပဗေဒကျောင်းသားဟောင်း တစ်ထောင်ကျော်၏ စုစည်းမှု၊ ချစ်ခင်ရင်းနှီးမှုများကြောင့် ဂုဏ်ယူနေသယောင်ထင်ရသည်။

ယနေ့မွန်းလွဲ၃နာရီခွဲက ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၏ စတုထ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကို ရန်ကုန်တက္ကသိုလ်အပန်းဖြေ ရိပ်သာတွင် ကျင်းပခဲ့ပြီးနောက် ညနေ ၆ နာရီတွင် ရူပဗေဒမိသားစု ဝင်များ၏ မိတ်ဆုံစားပွဲကို သစ်ပုပ်ပင် အောက်တွင် ကျင်းပခဲ့သည်။

တက်ရောက်သူများမှာ တည်ငြိမ်သောအပြုံး၊ ရင့်ကျက်သော အမူ အရာများဖြင့် ရူပဗေဒပညာရပ်များကို သင်ကြားလာခဲ့သူ ပညာရှင်များ၊ တက်ကြွသော စုစည်းညီညွတ်သော လူငယ်များနှင့် ဆရာကြီး၊ ဆရာမကြီး များအပါအဝင် ရူပဗေဒပညာသင်ကြားခဲ့သူ အစ်ကိုအစ်မများကို အားကျလေးစားသည့် ကျောင်းသား ကျောင်းသူများ အားလုံးစုံလင်စွာ တွေ့ရသည်။

နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် အမိတက္ကသိုလ်မြေ၏ သစ်ပုပ်ပင်ကြီးခြေရင်းတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့သော မိတ်ဆုံစားပွဲမှသည် ဆရာဟောင်းများနှင့်ကျောင်းသားဟောင်းများ၏ ခံစားမှုများကို စုစည်းတင်ဆက် လိုက်ပါသည်။

ဒေါက်တာကိုကိုဦး

ပြည်ထောင်စုဝန်ကြီး

(သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)

ကျွန်တော့်အတွက် အက်စ် ၃၉ နဲ့ သစ်ပုပ်ပင်ကြီးက မမေ့နိုင်စရာပါ။ ၁၉၈၂ ခုနှစ်မှာ နောက်ဆုံးနှစ် အက်စ် ၃၉ မှာ တက်ခဲ့ရတော့ အနီးဆုံးမှာရှိတဲ့ သစ်ပုပ်ပင်ကြီးအောက်က နေ့စဉ်ဖြတ်သန်းခဲ့ကြတဲ့ ငယ်ဘဝတွေကို ပြန်သတိရတယ်။ မာစတာတက်တော့လည်း ဒီမှာပဲ။ နျူကလီးယားအင်ဂျင်နီယာ ဘာသာရပ်နဲ့အဆင့်ဆင့် ပညာဆည်းပူးရင်း ဆရာအဖြစ်နဲ့လည်း ဒီနေရာတွေမှာ ခြေရာတွေထပ်ခဲ့တယ်။ ငယ်ငယ်ကတည်းက အခုလို အမိသစ်ပုပ်ပင်အောက်မှာ ပွဲတွေကျင်းပခွင့်ရဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဆောင်ရွက်ခွင့်ရပြီဆိုတော့ နောင်လာ နောက်သား မျိုးဆက်သစ်ကျောင်းသားတွေအတွက် ပညာ ရေးအဆင့်မြှင့်တင်နိုင်ဖို့ ခြေလှမ်း စပြီလို့ယူဆမိတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ကျောင်းဆရာဘဝကနေ အစိုးရအဖွဲ့ဝင်ဖြစ်လာတယ်။ အခုလို ပြည်ထောင်စုဝန်ကြီးဖြစ်လာတဲ့အထိ ရန်ကုန်တက္ကသိုလ်ဟာ ကျွန်တော့်အတွက်တော့ မမေ့နိုင်တဲ့ နေရာတစ်ခုဖြစ်သလို ကျွန်တော်တို့လို ကျောင်းသားတွေအတွက်လည်း အခုလိုတက်ရောက်ခွင့်ရ ခြင်းအပေါ်မှာ တာဝန်တစ်ရပ်လိုခံယူပြီး တိုင်းပြည်အတွက် ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်အသုံးချပါလို့ တိုက်တွန်းလိုပါတယ်။အရင်ကအခက်အခဲတွေ အတားအဆီးတွေ အခြေအနေအရပ်ရပ်တွေကြောင့် ပညာရေးဟာ အားနည်းခဲ့ရပေမယ့် အခုအချိန်
မှာ ကလေးတွေအတွက် အခွင့်အလမ်းတွေ ယခင်ထက် တိုးလာနေပြီဆိုတဲ့ ပြယုဂ်ဖြစ်တယ်။ ဆရာတွေရဲ့ ကျေးဇူးကို အောက်မေ့မိသလို ကိုယ့်တပည့်တွေနဲ့အပေါင်းအသင်းတွေနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် ငယ်ငယ်ကကျောင်းသားဘဝကို ပြန်ရောက်သွားတယ်။ သင်ကြားရေးပိုင်းမှာဆိုလည်း နိုင်ငံတကာအဆင့်မီ သင်ကြားရေးအထောက်အကူတွေ ရှိနေတယ်။ နျူထရွန်ဂျန်နရေတာ တပ်ဆင်ထားတဲ့အတွက် သုတေသနကျောင်းသားတွေအများကြီး အကျိုးရှိတာတွေ့ရတယ်။ ငယ်ငယ်က ဆန္ဒဖြစ်တဲ့ ဆရာသမားတွေ၊ သူငယ်ချင်းတွေ၊တပည့်တွေနဲ့အတူတူ သစ်ပုပ်ပင်အောက်မှာ တပျော်တပါးရှိခွင့်ရလို့ ဆန္ဒပြည့်သွားပြီ။

ဒေါက်တာ တင်လှိုင်

(ကလောင်အမည်-ဘိုးလှိုင်)

အဏုမြူစွမ်းအင်ဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)

ဝမ်းသာမှုကတော့ အတောမသတ်နိုင်ဘူးဗျာ။ ကျွန်တော့်ဘဝဆယ်စုနှစ်တစ်ခုကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ကြီးဘေးက အက်စ် ၃၉ ရူပဗေဒဆောင်မှာ ပညာဝေမျှခဲ့တယ်။တက္ကသိုလ်ကြီးရဲ့ အနှစ်သာရ၊ အငွေ့အသက်တွေကို အခုကလေးတွေ ပြန်ရပြီ။ ဒါကကျွန်တော့်

ရဲ့ပီတိ။ သစ်ပုပ်ပင်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဆိုတာ ဇာတ်လမ်းတစ်ခုမဟုတ်တစ်ခုရှိပြီးသားပေါ့။ (ရယ်လျက်)။ အထူးသဖြင့် ရူပဗေဒပညာသည် အရာအားလုံးနှင့်သက်ဆိုင်သည် ဆိုတဲ့အတိုင်း ကျွန်တော်တို့လို ပညာရှင်တွေအတွက် လုပ်ခွင့်ကိုင်ခွင့် အစွမ်းပြခွင့်တွေရလာပါပြီ။ ရူပဗေဒပညာရှင်တွေအတွက် အများကြီးကမ်းလင့် ကြိုဆိုပါတယ်လို့ သစ်ပုပ်ပင်ကြီးအောက်ကနေ ကြိုဆိုလိုက်ပါတယ်။ မြင်တဲ့အတိုင်း ဒီပွဲမှာ ကျောင်းသားနဲ့ဆရာပေါင်းလူတစ်ထောင်ကျော် တက်ကြတယ်။ အားလုံးဆန္ဒပြည့် တဲ့အပြုံးတွေနဲ့။ ကျွန်တော်တို့ ခံစားရရှိခဲ့ကြတဲ့ ဘူမိနက်သန်နေရာကြီးကို သားစဉ်မြေးဆက်လွှဲပြောင်း ကြရမှာပါ။ တိုင်းပြည်အကျိုးပြုတဲ့ ပညာရှင်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနဲ့ ဦးခင်မောင်စိုးတို့ ပေါ်ထွက်လာသလို နယ်ပယ်အသီးသီးမှာ ရူပဗေဒပညာရှင် ပေါင်းများစွာက ကျရာအခန်းကနေ ကြိုးစားပြီး နိုင်ငံတော်ကို မြှင့်တင်နေပါတယ်။နာဆာအပါအဝင် ကမ္ဘာကျော်ဌာနကြီးတွေ၊ ရူပဗေဒဆိုင်ရာ သုတေသနအဖွဲ့အစည်းတွေမှာ မြန်မာပညာရှင်တွေ အများကြီးရှိပါတယ်။ ဆက်လက်သင်ယူပါ၊ တိုင်းပြည်အတွက် မြှင့်တင်ပါလို့ ပြောကြားချင်ပါတယ်။

ပါမောက္ခဒေါက်တာ တင့်လွင်

အာစရိယပူဇော်ပွဲ

ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ

ရူပဗေဒ မိသားစုဝင်တွေ စုစုစည်းစည်းကျင်းပနိုင်တာ အလွန်ဝမ်းမြောက်ပါတယ်။ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျွန်တော်တို့ သင်ယူလေ့လာခွင့်ရကြသလို ကျွန်တော်တို့ ပြန်လည်သင်ကြားခွင့်ရချိန်မှာလည်း ကလေးတွေအတွက် ဆရာတွေရဲ့လမ်းညွှန်မှုအတိုင်း သင်ကြားပေးနိုင်ခဲ့တယ်။ အထူးခြားဆုံးဖြစ်တဲ့ သစ်ပုပ်ပင်ကြီးအောက်မှာ မိတ်ဆုံစားပွဲကျင်းပခွင့်ကတော့ အားလုံးဝမ်းသာပျော်ရွှင်ကြတဲ့ ကိစ္စဖြစ်ပြီး ရူပဗေဒကျောင်းသားတွေ အများကြီးလာရောက်ကြတယ်။ အားလုံးက ရန်ကုန်တက္ကသိုလ်ထဲက ရှိခဲ့ဖူးတဲ့ ခြေရာတွေကို ပြန်လာရှာ ကြတာ။(ရယ်လျက်)။ နှစ်စဉ်နှစ်တိုင်း အခုလို ကျင်းပခွင့်ရဖို့ မျှော်လင့်ပါတယ်။ ထပ်မံပြီးလည်း ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေက ရန်ကုန်တက္ကသိုလ်ကြီး ပိုမိုဂုဏ်ရှိန်ဝင့်လာ အောင်စွမ်းဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာမိုးမိုးအေး (ကထိက)

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန

တက္ကသိုလ်ဝင်တန်း အောင်ကတည်းက ရူပဗေဒကိုပဲ စိတ်ဝင်စားတယ်။ ရူပဗေဒနဲ့ ပတ်သက်တာ အားလုံးအပေါ်မှာ ရူးသွပ်စွာ ခံစားတယ်။ အခုလို သစ်ပုပ်ပင်ကြီးအောက်မှာ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ တပည့်တွေနဲ့ အတူတူရှိနေခွင့်ရလို့ အခုပွဲအတွက် ပင်ပန်းသမျှတွေ ပျောက်သွားတာပဲ။Natural World မှာ ရူပဗေဒနဲ့ ကင်းတာဘာမှမရှိပါဘူး။ ကျွန်မကMaterial Scienceနဲ့ ဒေါက်တာဘွဲ့ရရှိထားပြီး ကထိကအနေနဲ့ရန်ကုန်တက္ကသိုလ်မှာ ပြန်လည်တာဝန်ထမ်းဆောင်နေပါတယ်။ ကလေးတွေအတွက် အခွင့်အလမ်းတွေက ကျွန်မတို့တုန်းကထက် အဆများစွာပွင့်လာပါပြီ။ ဖြစ်ချင်တဲ့စိတ်တစ်ခုပဲ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေအများကြီး ရှိလာတယ်။ (သစ်ပင်ကြီးကို မော့ကြည့်ရင်းရယ်လျက်) သစ်ပုပ်ပင်ကြီးက ကျွန်မတို့ရူပဗေဒဌာနမိသားစုတွေရဲ့ အပျော်တွေကို ပြုံးပြီးကြည့်နေတယ်။

ဒေါက်တာလှတိုး (ကထိက)

ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်

ပွဲကျင်းပနိုင်ဖို့အရေး တစ်ပတ်လောက် နေ့မအိပ်ညမအိပ် ပင်ပန်းခဲ့သမျှတွေက အခုညမှာ ပျောက်သွားပါပြီ။ ကျွန်တော်တို့ကျောင်းသားဘဝမှာ စိတ်ကူးမျှော်လင့်ချက်တွေကို သစ်ပုပ်ပင်အောက်မှာ ထိုင်ရင်းဝိုင်းဖွဲ့ပြောခဲ့ကြဖူးတယ်။ အခုတော့ တစ်ချိန်က အခြေအနေကို ပြန်ရောက်သွားခဲ့ပြီ။ ရန်ကုန်တက္ကသိုလ်ကြီး အသက်ဝင်လာပြီဆိုတဲ့ အထိမ်းအမှတ်ပေါ့ဗျာ။ သံတစ် ချောင်းကနေ ဒုံးပျံအထိ ရူပဗေဒပညာရပ်ဖြစ်ပါတယ်။စိတ်ဝင်စားဖို့ ကောင်းသလို လူသားအကျိုးပြုလုပ်ငန်းတွေအားလုံးဟာ ရူပဗေဒနဲ့ ဆက်စပ်နေတာမို့ ပညာရှင်တွေ ပေါ်ထွက်လာဖို့ လိုအပ်တယ်။

မဇင်မိုးနိုင်

ရူပဗေဒကျောင်းသူဟောင်း

ကျောင်းကို ပြန်ရောက်တာ ငယ်ငယ်က အချိန်တွေပြန်ရောက်သွားသလိုပဲ။ ဆရာတွေကို မြင်ရင် ချစ်ကြောက်စိတ်ဝင်မိသလို၊ သူငယ်ချင်းတွေပြန်တွေ့တော့လည်း ငယ်ဘဝကို အောက်မေ့မိတယ်။ သစ်ပုပ်ပင်ကြီးကတော့ ကျွန်မတို့ကျောင်းသူ ဘဝကအတိုင်းဘာမှမပြောင်းလဲဘူး။ အဲဒါကိုက လွမ်းစရာကောင်းတယ်။ သူငယ်ချင်းတွေစုပြီး ငယ်ငယ်ကရေးခဲ့ဖူးတဲ့ အမှတ်တရတွေများရှိမလား ရှာဖို့တောင် စဉ်းစားနေတယ်။ အရင်နှစ်တွေက ကျင်းပတာသိပေမယ့် လူကိုယ်တိုင်မလာခဲ့ဘူး။ ဒီနှစ်ကတော့ သူငယ်ချင်း ဆရာမက အကြောင်းကြားကတည်းက RCနဲ့သစ်ပုပ်ပင် တစ်လက်စတည်း ငယ်ဘဝအကြောင်း သတိရပြီးအရောက်လာဖို့ ဆုံးဖြတ်လိုက်တယ်။

ပြည့်ဖြိုးလွင် ဒုတိယနှစ်

စကြဝဠာရူပဗေဒဘာသာရပ်

ကျောင်းသား

ရန်ကုန်တက္ကသိုလ်

ကျွန်တော့်အတွက်တော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရတာ မဟာဆုလာဘ်ပေါ့။ ရူပဗေဒပညာရပ်နဲ့အရင်က ပြည်တွင်းမှာ အသုံးချဖို့ ခက်ခဲပေမယ့် အခုအချိန်မှာ အများကြီး ပွင့်လန်းလာခဲ့ပြီ။ သုတေသနလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့လုပ်နိုင်ဖို့ အခွင့်အလမ်းတွေရှိတယ်။ ကျွန်တော်လေးစားရတဲ့ ဆရာကြီးတွေရှိတယ်။ စကြဝဠာရူပဗေဒဘာသာရပ် ပညာရှင်တွေဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ပါမောက္ခဒေါက်တာစိန်ထွန်းနဲ့လက်ရှိပညာရှင် ဒေါက်တာ တင်အောင်တို့လို ထူးချွန်တဲ့ပညာရှင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ မျှော်လင့်ထားပါတယ်။ သို့သော် အလုပ်လုပ်ဖို့ကိုတော့ ကိုယ့်တိုင်းပြည်မှာ ပညာရှင်အနေနဲ့ ရပ်တည်ဖို့ရည်ရွယ် ကြိုးစားနေတယ်။

ရူပဗေဒ မိသားစုများ၏ အပျော်များကို သစ်ပုပ်ပင်ကြီးသာ အသက်ရှိပါက ဝမ်းမြောက်စွာ ဂုဏ်ယူနေမည်ဟု ယူဆမိပါတော့သည်။

(မြန်မာ့အလင်း)

No comments:

Post a Comment