Tuesday, February 24, 2015

အေးချမ်းသာယာ စိမ်းလန်းဝေဖြာ


မြစိမ်းရောင်ဟူသည် အေးမြမှု၏သင်္ကေတ၊ အေးချမ်းမှု၏ပုံရိပ်ဖြစ် သည်။ မိမိတို့နိုင်ငံ၏မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် ကျေးလက်ဒေသ အေးချမ်းသာယာပြီး စိမ်းလန်းဝေဖြာသည့် သဘောကိုဆောင်သဖြင့် ကြည်နူး ပီတိဖြစ်ဖွယ်ဟုဆိုနိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံ၏လူဦးရေ အများဆုံးနေထိုင်ကြသည့် ကျေးရွာခြောက်သောင်းလေးထောင်ကျော် စိမ်းလန်းဝေဖြာဖို့လိုသည်။ ငြိမ်းချမ်းသာယာဖို့လိုသည်။ တစ်နည်းဆိုသော် ထိုကျေးရွာများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် ဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကကျသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ခြေရာကောက်လျှင် စိုက်ပျိုးရေသည် ပဓာနကျပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးနှင့်စီးပွားရေးကို အခြေကျအောင် လုပ်ဆောင်ပေးနိုင်လျှင် ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အစပြုတိုးတက်အောင် လုပ်ဆောင်နိုင်ပြီဟု ဆိုရမည်ဖြစ်သည်။ ကျေးလက်အတွက် စိုက်ပျိုးရေသည် ပင်မအသက်သွေးကြောဖြစ်၍ စိုက်ပျိုးရေကို ခေတ်မီမီရယူပြီး လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားတိုးတက်လာမည်ဖြစ်သည်။

မွေးမြူရေးတွင်လည်း မိမိတို့တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ သိုး၊ ဆိတ်တို့ကိုလည်း တစ်ပိုင်တစ်နိုင်မှ စနစ်တကျမွေးမြူကြမည်။ လယ်ယာမှ အင်း၊ အိုင်၊ ကန်ငယ်များတွင် မွေးငါးများကို တစ်ပိုင်တစ်နိုင်လည်း မွေးကြသည်။ စနစ်တကျလည်းမွေးကြမည်ဆိုလျှင် စားနပ်ရိက္ခာအတွက်သာမက စီးပွားလည်း တက်လာမည်။ တစ်ချိန်က မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြသော်လည်း အရင်းအနှီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သဖြင့် တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးမွေးမြူကြသည်။

ယခုထိုအခက်အခဲကို မြစိမ်းရောင်စီမံကိန်းက ကူညီဖြေရှင်းပေးလာသည် ကို တွေ့ရသည်။ စီမံကိန်းမှ တစ်ရွာလျှင် ကျပ်သိန်း ၁ဝဝ အရင်းမပျောက် မတည်ငွေအဖြစ်ထုတ်ပေးပြီး ကျေးရွာအတွင်းမှ ငွေကြေးလိုအပ်သူများအား ငွေတစ်ရာကျပ်လျှင် ပြား ၅ဝ မှ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသည့် အစီအစဉ်သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူများစွာ ဖြစ်စေသည်။
ကျေးလက်ဒေသ၏သဘာဝမှာ ရိုးသားကြသည်။ ရွာဦးကျောင်းဆရာ ဘုန်းတော်ကြီး၏ သွန်သင်ဆုံးမမှုအောက်တွင် သံသရာကြွေးကို ကြောက်တတ် ကြသည်။ သူတစ်ပါးပစ္စည်းဥစ္စာကို ပြန်ပေးဆပ်ရန်ဝန်မလေးတတ်ကြ။ အကြွေးကိုသံသရာအထိ ယူမသွားတတ်သော အလေ့အထရှိသောကြောင့် မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများ လူမှုဘဝမြှင့်တင်ရေး အတွက် အောင်မြင်မှုရရှိနိုင်မည်ဟုယုံကြည်ပါသည်။

သာဓကအားဖြင့် မန္တလေးတိုင်းဒေသကြီးတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအောင်မြင်သောကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ အရေအတွက် နှစ်ဆတိုးမည်ဟုသိရသည်။ လက်ရှိတွင် ကျေးရွာ ၉၃ ရွာကို ကျပ်သိန်းပေါင်း ၂၇၉ဝ ဖြင့် စီမံကိန်းကိုအကောင်အထည်ဖော်ခဲ့ရာ သတ်မှတ်ကာလတွင် အတိုးအရင်း အပြည့်အဝပြန်လည်ပေးဆပ်နိုင်ခဲ့ ကြောင်း သိရသည်။ နိုင်ငံတော်၏စေတနာနှင့် ကျေးလက်နေပြည်သူများ၏ ဖြူစင်ရိုးသားစွာတုံ့ပြန်မှုတို့က ပြောဖွယ်မရှိလောက်အောင် ကျေနပ်စရာ ကောင်းလှသည်။

ထိုနေရာထိုဒေသ၏ ကောင်းမြတ်သော အနေအထားများကို အခြား ဒေသများမှလည်း အတုယူ၍ မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာတိုးတက်အောင် ကြိုးပမ်းအားထုတ်သင့်သည်။ ဤစီမံကိန်းလုပ်ငန်းသည် အောက်ခြေတွင် ထိထိရောက်ရောက်ဆောင်ရွက်ရသောလုပ်ငန်းဖြစ်၍ မှန်ကန်တိကျဖို့၊ သမာသမတ်ကျဖို့၊ ကတိသစ္စာ တည်ကြည်ဖို့လည်း လိုအပ်ပါသည်။
မန္တလေးတိုင်းဒေသကြီးမှ အများအကျိုးအတွက် မှန်ကန်တိကျသော စေတနာအလုပ်များက လက်တွေ့အကျိုးရလဒ်ဖြစ်ပေါ်စေသလို စံနမူနာပြ လုပ်ငန်းတစ်ရပ်လည်း ဖြစ်လာပါသည်။ ဤကဲ့သို့သော တာဝန်ကို ကောင်းစွာ ယူကြသူများ ရှိနေသောအရပ်ဒေသများတွင် မည်သည့်အလုပ်မဆို ဆတက် ထမ်းပိုး အောင်မြင်တိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ မြစိမ်းရောင်သည် ကျေးလက်များအတွက် အမှန်တကယ်အေးချမ်းသာယာ စိမ်းလန်းဝေဖြာ နေမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment