Thursday, February 26, 2015

ယာယီသက်သေခံလက်မှတ်များအပ်နှံခြင်းနှင့်စိစစ်မှုခံယူခြင်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ရှင်းလင်းဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ယာယီသက်သေခံလက်မှတ်များ သက်တမ်းကုန်ဆုံး အပ်နှံခြင်း စိစစ်မှုခံယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဥပဒေနှင့်အညီ ထုတ်ပေးထားသော ယာယီသက်သေ ခံလက်မှတ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၉/၂ဝ၁၅)ဖြင့် ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့်သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ထုတ်ပေးထားသော ယာယီသက်သေခံလက်မှတ်များသည် ယင်းအမိန့်ကြော်ငြာစာအရ မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းကို မေ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ဆောင်ရွက်ရန် နည်းလမ်းအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ရေးသည် အဓိကအရေးကြီးကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ စနစ်တကျအပ်နှံရေး၊ ယင်းတို့နှင့် ပတ်သက်၍ နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်မှုလုပ်ငန်းဆောင်ရွက်ရေးတို့ကို လုပ်ငန်းစဉ်အဆင့်အလိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိုးပွင့်(အထူး) စီမံချက် လုပ်ဆောင်နေသကဲ့သို့ ယခုယာယီသက်သေခံလက်မှတ် အပ်နှံခြင်းနှင့် စိစစ်မှုခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကိုလည်း ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနားလည်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက်ဖွဲ့စည်းထားသည့် ကြီးကြပ်မှုကော်မတီဝင်များ သိရှိလိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းချပြရန် လိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံတော် သမ္မတရုံး၏အမိန့်ကြော်ငြာစာအရ နိုင်ငံတော်အစိုးရက လေ့လာသုံးသပ် အကြံပြုရေးကော်မတီဖွဲ့စည်းပြီးပါက မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ယင်းကော်မတီနှင့်ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်ရယူဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ယာယီသက်သေခံလက်မှတ်အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်တွင် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းနှင့်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရမည့်နည်းလမ်း၊ ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆွေးနွေးရမည့် အချက်များကို လည်းကောင်း၊ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပင်မလူဦးရေ ထုတ်ပြန်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment