Friday, February 27, 2015

ကိုးကန့်သောင်းကျန်းသူများ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်



နေပြည်တော် ဖေဖော်ဝါရီ ၂၆

တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ ကိုးကန့်သောင်းကျန်းသူများအနေဖြင့် တောင်ပေါ်၊ တောတွင်းအရေးသာသောနေရာများမှ ပုန်းခို စောင့်ဆိုင်း၍ချုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့ သည်။

ထိုသို့ချောင်းမြောင်းတိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ လောက်ကိုင်အနောက်မြောက်ဘက် တစ်ဝိုက်တွင်တစ်ကြိမ်၊ ချင်းရွှေဟော်နှင့်လုံထန်ကျေးရွာကြားတွင် တစ်ကြိမ်၊ လောက်ကိုင်နှင့်ကုန်းကြမ်းကြား ၂၃ မိုင်အနီးတွင်တစ်ကြိမ် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်စစ်ကြောင်းများအား ကိုးကန့်သောင်းကျန်းသူ အင်အားစုအချို့တို့က အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ သည်။

အလားတူ ၄င်းနေ့မွန်းလွဲပိုင်းတွင် လောက်ကိုင်ဒေသအတွင်း အင်အားဖြည့်တင်းရန် ချီတက်လျက်ရှိသော တပ်မတော်စစ်ကြောင်းအား KIA (ကချင်)၊ SSA (ဝမ်ဟိုင်း)လက်နက်ကိုင်အဖွဲ့တို့က နမ့်ဆလပ်အနီးတစ်ဝိုက်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်၍ ဆုတ်ခွာထွက်ပြေးရာ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်အနီး မန်ချူးကျေးရွာအရှေ့တောင်ဘက် လျှိုမြောင်ကြားကြံခင်းအနီး ၌ နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့်ကိုးကန့်သောင်းကျန်းသူအင်အားစုအချို့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားရာ သောင်းကျန်းသူများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိသည်။

အထက်ပါ ဖြစ်စဉ်များတွင် သောင်းကျန်းသူထံမှ အလောင်းတစ်လောင်း၊ အမ် (၂၂) တစ်လက်၊ တရုတ် လက်ပစ်ဗုံး ငါးလုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ သိမ်းဆည်းရမိခဲ့ပြီး အရာရှိ/စစ်သည် လေးဦးအသက်ပေးလှူခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment