Friday, February 27, 2015

စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ




 နေပြည်တော် ဖေဖော်ဝါရီ ၂၆


၂ဝ၁၅ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီ ဘောပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့် နေရာများ၌ ယှဉ်ပြိုင်ကြသည်။
ကရာတေးဒိုပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A) ၌ကျင်းပရာ အမျိုး သမီးတစ်ဦးချင်း ခတပြိုင်ပွဲတွင် မိုင် အိုလီဗာယင်းဝှာထောင်းလွယ်(ချင်း)က ပထမ၊ သဇင်အေး(ကယား) က ဒုတိယ၊ ရီနွယ်ထွန်း(ရှမ်း)နှင့် အေးအေးခိုင်(နေပြည်တော်)က ပူးတွဲ တတိယ၊ အမျိုးသားတစ်ဦးချင်း ခတ ပြိုင်ပွဲတွင် မင်းဟိန်းခန့်(ရန်ကုန်)က ပထမ၊ ဟိန်းလတ် (မွန်)က ဒုတိယ၊ ကျော်ဇင်ဖြိုး(မန္တလေး)နှင့် တင်မောင် ဝင်း(ကချင်)က ပူးတွဲတတိယ၊ အမျိုးသမီးအသင်းလိုက် ခတပြိုင်ပွဲတွင် ကယားက ပထမ၊ ချင်းက ဒုတိယ၊ ရခိုင်က တတိယ၊ အမျိုးသားအသင်းလိုက် ခတပြိုင်ပွဲတွင် ရန်ကုန်က ပထမ၊ ဧရာဝတီက ဒုတိယ၊ မန္တလေးနှင့် ရှမ်းက ပူးတွဲတတိယ ရရှိကြသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပရာ အမျိုး သမီးတစ်ကိုယ်တော်ဓားနှစ်လက် စွမ်းရည်ပြပြိုင်ပွဲတွင် ဇာဇာအောင် (မန္တလေး)က ၁၁၆မှတ်ဖြင့် ပထမ၊ ပြည့်ပြည့်ဖြိုး(ကချင်)က ၁၁၅မှတ်ဖြင့် ဒုတိယ၊ ခိုင်ကျော့ကျော့ဝေ(မွန်)က ၁ဝ၈ မှတ်ဖြင့် တတိယ၊ အမျိုးသား တစ်ကိုယ်တော် ဓားနှစ်လက်စွမ်းရည် ပြပြိုင်ပွဲတွင် ထက်ဝေယံဖြိုး(မန္တလေး) က ၁၁၉မှတ်ဖြင့် ပထမ၊ မျိုးထွန်းအံ့ (ရန်ကုန်)က ၁၁၉မှတ်ဖြင့် ဒုတိယ၊ တင်ထူးဇော်(မွန်)က ၁၁၅မှတ်ဖြင့် တတိယ ရရှိပြီး ဗန်တိုအတိုက်နှင့် ဓားသိုင်းအတိုက် ပြိုင်ပွဲများကို ကီလို တန်းအလိုက် ယှဉ်ပြိုင်ကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း-၁ ၌ အမျိုးသမီး၊ အမျိုးသား မာရသွန်၊ အမျိုးသား သံလုံးပစ်၊ အမျိုးသမီးသုံးဆင့်ခုန်၊ အမျိုးသမီး၊ အမျိုးသား မီတာ၂ဝဝ၊ အမျိုးသမီး၊ အမျိုးသားမီတာ၁၅ဝဝ၊ အမျိုးသမီး၊ အမျိုးသားမီတာ (၄ဝဝ x ၄) လက်ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီးမာရသွန်ပြိုင်ပွဲ တွင် သီတာချို (တနင်္သာရီ)က ၃ နာရီ ၂၈ မိနစ် ဝ၁ စက္ကန့် ဖြင့် ပထမ၊ နှင်းနှင်း ဦး (ပဲခူး)က ၃ နာရီ ၅၇ မိနစ် ၂၇ စက္ကန့်ဖြင့် ဒုတိယ၊ တင်မိုးဝါ(ကယား)က ၄ နာရီ ၉ မိနစ် ၅၅ စက္ကန့်ဖြင့် တတိယ၊ အမျိုးသားမာရသွန်ပြိုင်ပွဲ တွင် သောင်းအေး(တနင်္သာရီ)က ၂ နာရီ ၃၆ မိနစ် ၃၇ စက္ကန့်ဖြင့် ပထမ၊ ဝေလင်းထွန်း(မွန်)က ၂နာရီ ၄၂ မိနစ် ၃၅ စက္ကန့်ဖြင့် ဒုတိယ၊ ဝဏ္ဏလင်း (စစ်ကိုင်း) က ၃နာရီ ၁၄ မိနစ် ၁၄ စက္ကန့်ဖြင့် တတိယ၊ အမျိုးသားသံလုံး ပစ်ပြိုင်ပွဲတွင် ဒီရဲဝူ(ကချင်)က ၁၃ ဒသမ ၉၃မီတာဖြင့် ပထမ၊ သိန်းဇော် မျိုး(ဧရာဝတီ)က ၁၂ ဒသမ ၉၁ မီတာ ဖြင့် ဒုတိယ၊ ကျော်ညီညီထွေး (ဧရာဝတီ)က ၁၂ ဒသမ ဝ၄ မီတာ ဖြင့် တတိယ၊ အမျိုးသမီး သုံးဆင့်ခုန် ပြိုင်ပွဲတွင် အေးအေးသန်း(စစ်ကိုင်း)က ၁၁ ဒသမ ၅၁မီတာဖြင့် ပထမ၊ စုမြတ်သန္တာသိမ့်(မကွေး)က ၁၁ ဒသမ ၁၅ မီတာဖြင့် ဒုတိယ၊ နှင်းထက်ထက်လှိုင်(ကရင်)က ၁ဝ ဒသမ ၉၅ မီတာဖြင့် တတိယ၊ အမျိုး သမီးမီတာ ၂ဝဝ ပြိုင်ပွဲတွင် စုကြည် အောင်(မကွေး)က ၂၅ ဒသမ ၆၅ စက္ကန့်ဖြင့် ပထမ၊ သဲပွင့်ဖြူ(တနင်္သာရီ)က ၂၇ ဒသမ ၁၂ စက္ကန့်ဖြင့် ဒုတိယ၊ သိမ့်သိမ့်စံ(ဧရာဝတီ)က ၂၇ ဒသမ ၂၃ စက္ကန့်ဖြင့် တတိယ၊ အမျိုးသား မီတာ၂ဝဝပြိုင်ပွဲတွင် သက်ဝေဇော် (မွန်)က ၂၂ ဒသမ ၆၆ စက္ကန့်ဖြင့် ပထမ၊ ကျော်ဇင်အောင်(မကွေး)က ၂၃ ဒသမ ၁၇ စက္ကန့်ဖြင့် ဒုတိယ၊ မျိုးမင်းအောင် (စစ်ကိုင်း)က ၂၃ ဒသမ ၄ဝ စက္ကန့်ဖြင့် တတိယ၊ အမျိုး သမီး မီတာ ၁၅ဝဝ ပြိုင်ပွဲတွင် ဖြူဝါ သက် (ပဲခူး)က ၄ မိနစ် ၃၃ ဒသမ ၆ဝ စက္ကန့်ဖြင့် ပထမ၊ အေးအေးအောင် (မန္တလေး)က ၅ မိနစ် ဝ၆ ဒသမ ၂၁ စက္ကန့်ဖြင့် ဒုတိယ၊ ဒေါရစ်ပီပီ(နေပြည် တော်)က ၅ မိနစ် ၁၇ ဒသမ ၆၇ စက္ကန့်ဖြင့် တတိယ၊ အမျိုးသား မီတာ ၁၅ဝဝ ပြိုင်ပွဲတွင် ဆန်းနိုင်(မန္တလေး)က ၄ မိနစ် ဝဝ ဒသမ ၃၇ စက္ကန့်ဖြင့် ပထမ၊ မောင်ချက် (မန္တလေး) က ၄ မိနစ် ဝဝ ဒသမ ၄၃ စက္ကန့်ဖြင့် ဒုတိယ၊ ဇေယျာဝင်း(ပဲခူး)က ၄ မိနစ် ဝ၉ ဒသမ ဝ၅ စက္ကန့်ဖြင့် တတိယ ရရှိကြပြီး ပြေးခုန်ပစ်ပြိုင်ပွဲများ ပြီးဆုံး သွားပြီဖြစ်ရာ မကွေးက ရွှေ ၁၅ ခု ငွေ ၆ ခု ကြေး ၄ ခုဖြင့် ပထမ၊ မန္တလေးက ရွှေ ၈ ခု ငွေ ၆ ခု ကြေး ၂ ခုဖြင့် ဒုတိယ၊ ပဲခူးက ရွှေ ၅ ခု ငွေ ၇ ခု ကြေး၅ခုဖြင့် တတိယရရှိ သည်။
ဘတ်စကက်ဘော အမျိုးသားရှုံး ထွက်ပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ ကရင်က နေပြည်တော် (၆၃-၄၆)မှတ်ဖြင့် လည်းကောင်း၊ ရန်ကုန်က မန္တလေးကို (၇၆-၅၇)မှတ် ဖြင့်လည်းကောင်း၊ ကချင်က ပဲခူးကို (၉၁-၃၅)မှတ်ဖြင့် လည်းကောင်း၊ ရှမ်းက စစ်ကိုင်းကို (၇၈-၆၄)မှတ်ဖြင့် လည်းကောင်း အနိုင်ရကာ အကြို ဗိုလ်လုပွဲ တက်ရောက်ကြသည်။
ဘော်လီဘောအကြို ဗိုလ်လုပွဲစဉ် များကို နံနက် ၈နာရီတွင် လေ့ကျင့် ရေးကွင်း၌ ကျင်းပရာ အမျိုးသမီး ပွဲစဉ်တွင် ရန်ကုန်က ရခိုင်ကို (၃-ဝ)ပွဲဖြင့်လည်းကောင်း၊ တနင်္သာရီက စစ်ကိုင်းကို (၃-၁)ပွဲဖြင့် လည်းကောင်း အမျိုးသားပွဲစဉ်တွင် ရှမ်းက ရန်ကုန် ကို (၃-ဝ)ပွဲဖြင့်လည်းကောင်း၊ ရခိုင် က စစ်ကိုင်းကို (၃-၁)ပွဲဖြင့်လည်း ကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက် ရောက်ကြသည်။
လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ အမျိုးသား ၄၉ ကီလိုတန်းတွင် ကျော်လှမောင် (မွန်)၊ ဇော်မြင့်မိုး(ရန်ကုန်)၊ ဝေလင်း အောင်(ပဲခူး)နှင့် မင်းခိုင်(ရှမ်း)တို့က လည်းကောင်း၊ ၅၂ ကီလိုတန်းတွင် ဝေဖြိုးထွန်း(ရန်ကုန်)၊ မောင်ငယ် (ရှမ်း)၊ လင်းချိုဟိန်း(မွန်)နှင့် ချစ်ရင်ထူး(ပဲခူး)တို့က လည်းကောင်း၊ ၅၆ ကီလိုတန်းတွင် ကျော်ကိုကို (ကချင်)၊ မင်းနိုင်ကျော်ဇော(မွန်)၊ နိုင်လတ်(ဧရာဝတီ)နှင့် ဘော်ဇာ (စစ်ကိုင်း)တို့ကလည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် အောင်ကိုကို(ပဲခူး)၊ ကျော်ကျော်ထက်(ရန်ကုန်)၊ ဝေဖြိုး (မွန်)နှင့် အောင်ပြည့်ဖြိုး(မွန်)တို့ကလည်းကောင်း၊ ၆၄ ကီလိုတန်းတွင် နှင်းဝေ(ပဲခူး)၊ ရဲနိုင်(ရန်ကုန်)၊ ငြိမ်းသန်းဖြိုး (ရခိုင်)နှင့် မိုးဇော်ထက် (မန္တလေး)တို့ကလည်းကောင်း အသီး သီး အနိုင်ရကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက် တွဲအဖွဲ့လိုက်အုပ်စုပွဲစဉ်များကို နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ အမျိုးသမီးရှုံးထွက် ပွဲစဉ်သို့ ပဲခူး၊ ရှမ်း၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ရခိုင်၊ စစ်ကိုင်းနှင့် ကယားတို့က လည်းကောင်း၊ အမျိုးသားရှုံးထွက် ပွဲစဉ်သို့ တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့က လည်းကောင်း တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ -ကိုကိုစိုးညွှန့်

No comments:

Post a Comment