Wednesday, February 25, 2015

အီရန်နျူကလီးယားအရေး ထိပ်တန်းအဆင့် ထပ်မံဆွေးနွေး

Photo: အီရန်နျူကလီးယားအရေး ထိပ်တန်းအဆင့် ထပ်မံဆွေးနွေး

ဂျီနီဗာ  ဖေဖော်ဝါရီ   ၂၄

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် နျူကလီးယားလက်နက်ဆိုင်ရာ ထိပ်တန်းအဆင့် ဆွေးနွေးညှိနှိုင်းမှုများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဂျီနီဗာမြို့တွင် စတင်ခဲ့သည်။

တနင်္ဂနွေနေ့တွင် နှစ်နာရီကြာညှိနှိုင်းဆွေးနွေးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအပါအဝင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ်ဖ်၊ အမေရိကန်စွမ်းအင်ဝန်ကြီး အန်းနက်စ်မွန်နစ်ဇ်၊  အီရန် နျူကလီးယားဆိုင်ရာဌာနအကြီးအကဲ အလီအက်ဘာ ဆာလီဟီတို့သည် ဒုတိယမြောက်နေ့အဖြစ် ထပ်မံဆွေးနွေးခဲ့သည်။

''ဆွေးနွေးစရာကျန်နေတဲ့အပိုင်းတွေကို ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်''ဟု အီရန်အဆင့်မြင့် အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။

''ကွာဟမှုတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးရေးသမားတွေကတော့ သဘောတူညီမှုရဖို့ အလေးပေးဆောင်ရွက်နေတယ်။ အခြေအနေက ကောင်းတယ်။  ဒါပေမယ့် အခက်အခဲလေးတွေတော့ရှိနေတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။

''အခြေအနေတွေကတိုးတက်မှုရှိတယ်။  ဆွေးနွေးစရာလေးတွေကျန်နေသေးတယ်''ဟု အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။
 
မည်သည့်အချက်များ ညှိနှိုင်းပြီးပြီလဲဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။ ညှိနှိုင်းရေးသမားများက မတ်လ ၃၁ ရက်မတိုင်မီ  သဘောတူညီမှုရယူနိုင်ရန် မျှော်လင့်နေကြသည်။

သို့သော် ဆွေးနွေးပွဲနောက်ဆုံးရက်ရောက်သည့်တိုင် အမေရိကန်သမ္မတ၏ လိုလားတောင့်တချက်များကို ဖြည့်ဆည်းနိုင်ခြင်းမရှိလျှင် မည်သည့်သဘောတူညီချက်ကိုမျှ လုပ်ဆောင်မည်မဟုတ်ဟု  အမေရိကန်အရာရှိများက ဆိုသည်။

''အီရန်နျူကလီးယားကိစ္စကို နျူလက်နက်ထုတ်လုပ်ရေး ရပ်ဆိုင်းတဲ့အထိ ဆက်ဆွေးနွေးရမှာပဲ''ဟု  အရာရှိများက ဆက်လက်ပြောသည်။ 

အမေရိကန်နိုင်ငံအပါအဝင် အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊တရုတ်၊ ဗြိတိန်၊ပြင်သစ်နှင့် ဂျာမနီနိုင်ငံများက အီရန်နှင့် နျူကလီးယားလက်နက်ထုတ်လုပ်မှု ရပ်ဆိုင်းရေး သဘောတူညီမှုရရှိရန်  အစွမ်းကုန်ကြိုးပမ်းနေကြသည်။ 

ဂျီနီဗာမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပွဲကျင်းပပြီးနောက် ဆွေးနွေးညှိနှိုင်းမှုကို လာမည့်တနင်္လာနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ မည်သည့်နေရာတွင်  တွေ့ဆုံညှိနှိုင်းမှုများလုပ်ဆောင်မည်ဆိုသည်ကို မသိရသေးပေ။ 

နျူကလီးယားဆိုင်ရာ သဘောတူညီမှုရရှိမည်ဆိုလျှင်  အီရန်နိုင်ငံအနေဖြင့်  စီးပွားရေးပိတ်ဆို့မှုမှ လွတ်မြောက်မည်ဖြစ်သည်။        ရိုက်တာ။
 
No comments:

Post a Comment