Thursday, February 26, 2015

မီးဘေးရှောင်မလောင်ခင်တား



''မီးဘေးရှောင် မလောင်ခင်တား'' ဆိုစကားရှိသည်။ ယခုလို နွေဦးကာလတွင် မီးလောင်လွယ်သည့် အရာဝတ္ထုပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ထားခြင်း တို့အား စည်းကမ်းတကျဆောင်ရွက်ထားခြင်းမရှိဘဲ ပေါ့ပေါ့ဆဆ သတိမမူ မိပါက တစ်မြို့တစ်ရွာအထိ အန္တရာယ်ဖြစ်စေနိုင်သည်။
ပွင့်လင်းရာသီယခုကာလ၌ ပတ်ဝန်းကျင်ခြောက်သွေ့ကာ အပူချိန် မြင့်တက်လာသည်။ ပြီးခဲ့သည်နှစ်ကို အပူဆုံးနှစ်ဟု ပညာရှင်များက သတ်မှတ်ခဲ့သည်။ ယခုနှစ်လည်း ပို၍ပူမည်လောဟု စိုးရိမ်ပူပန်ရသည်။ အပူရှိန်လွန်ကဲ၍ မီးဘေးအန္တရာယ်ကိုပါ ထည့်တွက်ပူပန်ရသည်။ လက်တွေ့တွင်လည်း ဒေသအချို့တွင် မီးအကြီး၊ အငယ်လောင်ကျွမ်းမှုလည်း ရှိခဲ့သည်ကိုတွေ့မြင်ကြားသိနေရသည်။
ထိုလောင်ကျွမ်းမှုဖြစ်စဉ်များကို လေ့လာကြည့်လျှင် မီးဖိုချောင် ပေါ့ဆမှု၊ ခြင်ဆေးခွေပေါ့ဆမှု၊ လျှပ်စစ်သုံးစွဲမှုနည်းလမ်းမမှန်မှုမှ အဖြစ် အများဆုံးဖြစ်သည်ကိုတွေ့ရသည်။ နယ်ဘက်တွင် မီးဖိုချောင်နှင့် ခြင်ဆေးခွေပေါ့ဆမီးတို့ မကြာခဏဖြစ်တတ်သည်။ လျှပ်စစ်ကြောင့်ဖြစ် သော ပေါ့ဆမီးမှာ ကျေးလက်ထက် မြို့ပြက ပိုအဖြစ်များသည်ကို တွေ့ရ သည်။
ယင်းတွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးသုံးစွဲမှုက မများသေးဘဲ မြို့ပြ လူဦးရေ သာ အများဆုံး သုံးစွဲနိုင်သေးသည်။ ယခုလက်ရှိတွင် ကျေးရွာပေါင်း နှစ်သောင်း ကျော် လျှပ်စစ်မီးရရှိနေပြီဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်မီးဘေးအန္တရာယ်ကို ထိုလျှပ်စစ်မီးရှိသောအရပ်များတွင်လည်း အထူးသတိထားရမည်ဖြစ်သည်။ ကျေးလက်ဟူသည်မှာ လောင်ကျွမ်းနိုင်သော လောင်စာပေါများသောကြောင့် သတိပြုသင့်သည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုတွင် လျှပ်စစ်မီးသည် မပါမဖြစ်အရေးကြီးသော ကဏ္ဍဖြစ်၍ လျှပ်စစ်မီးကို အကျိုးရှိအောင် စနစ်တကျသုံးစွဲတတ်ဖို့လိုအပ်ပါ သည်။ လျှပ်စစ်ကို မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက်သာမက လောင်စာ စွမ်းအင်ချွေတာရေးအတွက်လည်း ဂရုစိုက်သင့်သည်။ နေ့အလင်းရောင်ရှိပါလျက် မလိုအပ်ဘဲသုံးစွဲခြင်းမဖြစ်ဖို့လိုသည်။
လျှပ်စစ်မီးကို လိုအပ်သလောက်ချွေတာသုံးစွဲရန်လိုအပ်သလို စနစ်တကျ အသုံးပြုပြီး မပေါ့ဆဖို့လည်းလိုသည်။ တစ်နေရာက ပေါ့ဆလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဒုက္ခကြုံတွေ့နိုင်သည်။ အထူးသဖြင့် လူဦးရေ အင်မ တန်များသော ရန်ကုန်မြို့တော်ကြီးတွင် နွေရာသီကာလရောက်သည်နှင့် မီးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများဖြစ်တတ်သည်။ ထို့ကြောင့် မည်သည့်မီးကိုမဆို မလောင်ခင်က ကြိုတင်ကာကွယ်တားဆီးကြရမည်ဖြစ်သည်။
၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့သော ရန်ကုန်မြို့၏ တိုးချဲ့မြို့များ ဖြစ်သော သာကေတ၊ ဥက္ကလာပစသည့်မြို့များတွင် မြို့ပြအင်္ဂါရပ်များနှင့်အညီ ရပ်ကွက်တိုင်းတွင် ရပ်ကွက်လမ်းအချက်အချာကျသောနေရာ၌ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ၊ မီးသတ်ကားဝင်ရန်လမ်းများ၊ မီးငြှိမ်းသတ်ရေး ရေလှောင်ကန်ကြီးများ၊ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်ကြား၊ တစ်လမ်းနှင့် တစ်လမ်းကြား ''မီးတားကွက် အကြီးအငယ်များ'' ရှိခဲ့သည်မှာ ထိုစဉ်က မီးဘေးကာကွယ်ရေးအတွက် အမြော်အမြင်ရှိရှိ ကြိုတင်ဆောင်ရွက်ချက်များပင်ဖြစ်သည်။ သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ထို ကောင်းမွန်သော ဆောင်ရွက်ထားမှုများ လျော့နည်းပျောက်ကွယ်နေပြီဖြစ် သွားခဲ့သည်။ မီးတားမြေများ၊ မီးသတ်ရန်လမ်းများမှာ အသွင်ပြောင်းပုံစံဖြစ် ခဲ့သည်။
မီးတားမြေဟူသည်မှာ ''မီးဘေးရှောင် မလောင်ခင်တား''ဆိုသည့် ဆောင်ပုဒ်ကို ထိထိရောက်ရောက် အသုံးချနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။ မြို့ပြတည်ထောင်သူများ၏ အမြော်အမြင်ကြီးမားသည့် စီမံနိုင်မှုလည်း ဖြစ်သည်။ မြို့ပြအင်္ဂါရပ်တွင် မရှိမဖြစ်လိုအပ်သော နေရာများမှာ ပျောက် ကွယ်ရန်မသင့်ပါ။ မည်မျှပင်လူဦးရေ တိုးပွားလာသည်ဖြစ်စေ မြို့ပြအင်္ဂါရပ် ကို မပျောက်ကွယ်အောင် ထိန်းသိမ်းသင့်ပါသည်။ အထူးသဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်ချက်များကို ဆက်လက်ထိန်းသိမ်းရန် ကျွန်ုပ်တို့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါသည်။ ။

No comments:

Post a Comment