Monday, February 2, 2015

ရန်ကုန်ဆိပ်ကမ်းသို့အပျော်စီးသင်္ဘောကြီးရောက်ရှိ

Photo: ရန်ကုန်ဆိပ်ကမ်းသို့အပျော်စီးသင်္ဘောကြီးရောက်ရှိ

ရန်ကုန်   ဖေဖော်ဝါရီ   ၁

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်Myanmar Voyages International     Tourism Co.,Ltd  ၏ အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Silversea Cruises  မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးM.V Silver Wind သည် ဇန်နဝါရီ ၃၁ ရက်    မွန်းလွဲ ၁၂နာရီခွဲတွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။   အဆိုပါသင်္ဘောသည် အိန္ဒိယနိုင်ငံ  ပို့ဘလဲဆိပ်ကမ်းမှ  ထွက်ခွာလာပြီး   မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ရောက်ရှိခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောပေါ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် ၂၄၁ ဦးနှင့် သင်္ဘော ဝန်ထမ်း ၂၂၁ ဦးခန့် လိုက်ပါလာသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသည်များသည်  ဇန်နဝါရီ ၃၁ ရက် နေ့လယ်က    ရန်ကုန်မြို့တွင်း နေ့တစ်ဝက်လည်ပတ်ကြသည်။ 

ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် လေယာဉ်ဖြင့် ပုဂံနှင့်မန္တလေးခရီးစဉ်ကိုလည်းကောင်း၊ ရန်ကုန်မြို့၊ ပဲခူးမြို့နှင့်ကျောက်တန်းမြို့တွင်းခရီးစဉ်များ ကိုလည်းကောင်း သွားရောက်လည်ပတ်ကြသည်။ထို့နောက်ဖေဖော်ဝါရီ  ၂ ရက်တွင် ရန်ကုန်မြို့တွင်းသွားရောက်လည်ပတ်ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်ဆိပ်ကမ်းမှM.V Silver Wind သင်္ဘောကြီးသည် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ခရီးဆက်မည်ဖြစ်သည်။

M.V Silver Wind  အပျော်စီးသင်္ဘောသည် ၁၉၉၅ ခုနှစ်ခန့်က ရန်ကုန်ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည်။ Myanmar Voyages စီစဉ်သည့် (၇၂) ကြိမ်မြောက် အပျော်စီးသင်္ဘောဖြစ်သည်။ ဖေဖော်ဝါရီ  ၁ဝ ရက်မှ ၁၂ ရက်အထိ အင်္ဂလန်နိုင်ငံမှ အပျော်စီးသင်္ဘောသည် ကမ္ဘာလှည့်ခရီးသည် ၁၃ဝဝ နှင့်အတူ ရန်ကုန်မြို့ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့လည်းကောင်း၊  ဖေဖော်ဝါရီ ၁၄ မှ ၁၆ ရက်အတွင်း အမေရိကန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် ၁၈ဝဝနှင့်အတူ အပျော်စီးသင်္ဘောကြီးသည် ရန်ကုန်မြို့  သီလဝါဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။  အဆိုပါသင်္ဘောသည် မြန်မာနိုင်ငံသို့ရောက်ရှိသည့် အကြီးဆုံးကမ္ဘာလှည့် ခရီးသည်တင်သင်္ဘောဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသို့ ဆယ်စုနှစ်ကျော်အတွင်း လာရောက်ခဲ့သည့် အပျော်စီးသင်္ဘောပေါင်း ၁ဝဝ ခန့်ရှိခဲ့ပြီဖြစ် ကြောင်းMyanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း အနောက်နိုင်ငံများမှ အပျော်စီးသင်္ဘောများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရန်ရှိကြောင်း သိရသည်။  
  
အောင်သူရ
 
No comments:

Post a Comment