Thursday, January 1, 2015

Daedong လယ်ယာသုံးစက်ကရိယာများရောက်ရှိ

Photo: Daedong  လယ်ယာသုံးစက်ကရိယာများရောက်ရှိ
=================================

နေပြည်တော်   ဒီဇင်ဘာ   ၃၁

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူ လယ်သမားများ အကျိုးဖြစ်ထွန်းစေရန်အတွက် သမဝါယမ ဝန်ကြီးဌာနက ခုနစ်နှစ် အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချ ပေးမည့် ကိုရီးယားနိုင်ငံ Daedong Co., Ltd. ထုတ် လယ်ယာသုံးစက်ကိရိယာများတင်ဆောင်၍ ပထမအကြိမ် (First shipment) အဖြစ် ဒီဇင်ဘာ ၂ ရက်၊ ၃ ရက်၊ ၈ ရက်၊ ၉ ရက်များတွင် ကိုရီးယားနိုင်ငံမှ ထွက်ခွာလာသည့် ကုန်တင် သင်္ဘောလေးစင်းအနက်နှစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်နှင့် ၃၁  ရက်များတွင်  ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါ သင်္ဘောနှစ်စင်းတွင် လယ်ယာသုံးစက် ကိရိယာ ၇၄၄ စင်း ပါရှိလာခြင်းဖြစ်ပြီး ကျန်သင်္ဘောများလည်း ဆက်တိုက်ရောက်ရှိလာကြမည် ဖြစ်ကြောင်း သိရသည်။

ယခုရောက်ရှိလာသော လယ်ယာသုံးစက်ကိရိယာ များကို အဆိုပြုလွှာအများဆုံးပေးပို့ထားသော စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ တောင်သူ များသို့ ခုနစ်နှစ် အရစ်ကျငွေချေစနစ်ဖြင့် ကြိုက်ရောင်း ကြိုက်ဝယ် ရောင်းချဖြန့်ဖြူးပေးမည်ဖြစ်ပြီး ကျန်ဒေသ များသို့လည်း ဆက်လက်ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ     သမဝါယမဝန်ကြီးဌာနအစီအစဉ်ဖြင့် အရစ်ကျရောင်းချပေးသည့် လယ်ယာသုံးခေတ်မီစက် ကိရိယာများကို  လယ်ယာလုပ်ငန်းများတွင်  ထိရောက် တွင်ကျယ်စွာအသုံးပြုကြခြင်းဖြင့်   လယ်ယာထုတ်ကုန် များ တိုးတက်လာမည်သာမက လယ်ယာလုပ်သားရှားပါးမှု၊ စရိတ်ကြီးမြင့်မှုတို့ကိုကျော်လွှားကာ လယ်သမားများ၏လူမှုဘဝ တိုးတက်မြင့်မားလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment