Saturday, January 3, 2015

ရင်းနှီးသောမိတ်ဆွေနိုင်ငံများဖြစ်ပြီး နီးကပ်သောဆက်ဆံရေးများရှိ၍ အနာဂတ်တွင် ပိုမိုခိုင်မာကောင်းမွန်မည်ဟု ယုံကြည်


 




နပြည်တော် ဇန်နဝါရီ ၂


နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှာ (၆၅)နှစ်ခန့် ရှိခဲ့၍ ကောင်းမွန်ရှည်လျားသော သမိုင်းကြောင်းဆက်ဆံရေးရှိခဲ့ပါကြောင်း၊ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ပြီး နီးကပ်သောဆက်ဆံရေးများရှိ၍ အနာဂတ်တွင် ပိုမိုခိုင်မာကောင်းမွန်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တစ်စိတ်တစ်ဒေသ အကူအညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆားဗီးယားနိုင်ငံ၏ နည်းပညာမြင့်မားမှုဖြင့် စီးပွားရေး နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း၊ ဆားဗီးယားနိုင်ငံအနေဖြင့် ရှိရင်းစွဲဖွံ့ဖြိုးတိုးတက်မှုထက် ပိုမိုတိုးတက် အောင်မြင်စေရေး နှစ်သစ်အခါသမယတွင် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံ သံအမတ်ကြီး H.E.Mr.Miodrag Nikolin အား လက်ခံတွေ့ဆုံရာတွင် ဆွေးနွေးပြောကြားသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဆားဗီးယားနိုင်ငံသံအမတ်ကြီးက နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေသော စစ်ဘက်နှင့် စီးပွားရေးနယ်ပယ်အသီးသီးတို့တွင် ဆက်ဆံရေးကောင်းများရှိခဲ့ပါကြောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဆားဗီးယားအစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်း ချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၏ တိုးတက်ဆောင် ရွက်မှုများအပေါ် အားပေးထောက်ခံပါကြောင်းကို နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားအဖြစ် ပါးလိုက်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ဆားဗီးယားနိုင်ငံသည် ယူဂိုဆလားဗီးယားပြည်ထောင်စုမှ ပြည်နယ် အသီးသီးခွဲထွက်ကာ သီးခြားနိုင်ငံဖြစ်သွားသည့် နိုင်ငံခြောက်နိုင်ငံမှ ယူဂို ဆလားဗီးယားပြည်ထောင်စုကို ဆက်ခံသည့်နိုင်ငံဖြစ်သည်။ မြန်မာ-ယူဂို ဆလားဗီးယား သံတမန်ဆက်ဆံရေးသည် ၁၉၅ဝ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံ မြို့တော်များတွင် ရုံးစိုက်၍ သံရုံးများဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံနှင့် စီးပွားရေး၊ စစ်ဘက်အဆက်အဆံများရှိခဲ့ပြီး ရထားစက်ခေါင်း၊ စစ်လက်နက်ပစ္စည်းအချို့နှင့် သင်္ဘောကျင်းလုပ်ငန်း၊ ဆည်မြောင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း သိရသည်။ 

(မြဝတီ)

No comments:

Post a Comment