Saturday, January 3, 2015

ကြေးမုံစာတည်းရှုထောင့်


 







လွတ်လပ်သောမင်္ဂလာနှစ်သစ်
 


ခရစ်သက္ကရာဇ် ၂ဝ၁၄ ခု လွန်မြောက်၍ ၂ဝ၁၅ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် ပြည်သူပြည်သားအပေါင်းတို့ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေမည့် အကြောင်းရင်းခံများ စုံလင်နေပေပြီ။ 

၂ဝ၁၅ ခုနှစ် နှစ်သစ်ဦးကာလတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စေကြောင်း ဆုမွန်ကောင်းများ ပို့သဆုတောင်းကြခြင်းဖြင့် မြန်မာတို့၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုမင်္ဂလာကို ပြသကြသည်။ ထိုသို့ဆုတောင်းမေတ္တာများဖြင့် ယခု နှစ်သည် ယခင်နှစ်နှင့်မတူ တမူထူးကဲပြီး မင်္ဂလာရှိသည့်နှစ် ဖြစ်နေလေပြီ။
နှစ်ဦးအစ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နှစ်ပေါင်း ၅ဝ ကြာကင်းကွာခဲ့ရသော ဗိုလ်ရှုခံအခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ထည့်သွင်းကျင်းပနိုင်တော့မည့် အကြောင်းလည်းပါဝင်သည်။ ခမ်းနားဂုဏ်ယူဖွယ်ရာ အဆိုပါ လွတ်လပ်ရေး အောင်ပွဲ ဗိုလ်ရှုခံအခမ်းအနား ပြန်လည်ကျင်းပကာ အစပြုမည်ဖြစ်၍ ၂ဝ၁၅ ခုနှစ်သည် ဂုဏ်ကျက်သရေ မင်္ဂလာခညောင်းသည့် နှစ်မြတ်ဟုဆိုချင်ပါသည်။ 

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များတွင် လွတ်လပ်ရေးနေ့သည် မြန်မာတစ်နိုင်ငံလုံး၊ မြန်မာတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် အဖိုး မဖြတ်နိုင်သော နေ့တစ်နေ့ဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော် တစ်ပါးလက်အောက်ခံ သူ့ကျွန်ဘဝမှ အနှောင်အဖွဲ့လွတ်ကင်းသော လူမျိုးတစ်မျိုးအဖြစ် လုံးဝလွတ်လပ်ခြင်းသို့ရောက်ခဲ့သောနေ့တွင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကရရှိခဲ့သောလွတ်လပ်ရေးကို ထူးကဲစွာအလေးအမြတ်ပြုထိုက်ပေ သည်။ 

မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲသည်နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတကို လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် အထိမ်းအမှတ် နိုင်ငံတော်အလံအောက်တွင် စုပေါင်းအလေးပြုကြခြင်းသည် ရရှိထားသော လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဟု အဓိဋ္ဌာန်ပြုခြင်းလည်းမည်ပေသည်။ 

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၆၇ နှစ်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့နှစ်ပေါင်းကြာမြင့်လာသောအခါ လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရကို ခေတ်သစ်လူငယ်များမေ့လျော့လောက်ပြီဟု ယူဆနိုင်သည်။ ယင်းသို့မေ့လျော့ခြင်းမရှိရလေအောင် ရရှိထားသော လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းဖို့ တာဝန်ရှိသည့် အသိစိတ်ဓာတ်များ ဆက်လက်ပေးဝေရမည် ဖြစ်သည်။ 

လွတ်လပ်ရေးနေ့တွင် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အဖွဲ့ အစည်းများအားလုံး နိုင်ငံ့အကြီးအကဲရှေ့မှောက်တွင် လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု သန္နိဋ္ဌာန်ပြုကြရပေမည်။ နိုင်ငံ့အကြီးအကဲနှင့် လွတ်လပ်သည့်နိုင်ငံဖြစ်သည်ကို ပြည်သူတစ်ရပ်လုံး၊ နိုင်ငံတကာကိုယ်စားလှယ်များအားလုံး၏ ရှေ့မှောက်တွင် ဝင့်ဝင့်ထည်ထည်ပြသခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ဖြစ် သည်။
 

လွတ်လပ်ရေးအောင်ပွဲဟုခေါ်ဆိုရသည့် ထိုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ပြည်သူတစ်ရပ်လုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းသလို၊ ရဲစိတ်၊ ရဲမာန် မျိုးချစ်စိတ်များလည်း တိုးပွားစေမည်ဖြစ်သည်။ တိုင်းပြည် နှင့်လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များလည်း မြင့်မားလာနိုင်သလို ရရှိထားသော လွတ်လပ်ရေးကို ပိုမိုခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြမည်ဟု စိတ်ဓာတ်ခွန်အားများ တိုးပွားလာမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ယခုနှစ်သစ်အခါသမယသည် တမူထူးကဲသည့် နှစ်မြတ်ဟု ဆိုခြင်းဖြစ်ပေသည်။ ဒီမိုကရေစီခရီးလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်းနိုင်မည့် အနေအထားကောင်းများလည်း ရရှိနေပြီ။ ထိုခရီးလမ်းတွင် မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်ခင်မြတ်နိုးသောစိတ်၊ မိမိနိုင်ငံ၏ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြသနိုင်သည့် စိတ်ဓာတ်များ ပိုမိုတိုးတက်ဖြစ်စေနိုင်မည့် ခမ်းနားထည်ဝါပြီး ကြီးကျယ် မြင့်မြတ်သည့် ဗိုလ်ရှုခံအခမ်းအနားကြီးနှင့်ပါ တွဲဖက်ဖော်ထုတ်နိုင်တော့မည် ဖြစ်၍ လွတ်လပ်သော မင်္ဂလာနှစ်သစ်ဟု ဆိုချင်ပါသည်။ ။

No comments:

Post a Comment