Friday, January 2, 2015

ရှန်ဟိုင်း နှစ်ကူးပွဲတော်တွင် လူအုပ်ပြိုကျရာမှ ၃၆ ဦး သေဆုံး

Photo: ရှန်ဟိုင်း နှစ်ကူးပွဲတော်တွင် လူအုပ်ပြိုကျရာမှ ၃၆ ဦး သေဆုံး

ရှန်ဟိုင်း    ဇန်နဝါရီ    ၁

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌  နှစ်သစ်ကူး အကြိုညပွဲတော်တွင် လူအုပ်တက်နင်းမိသဖြင့် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
ရှန်ဟိုင်းမြို့၏ နာမည်ကျော် 'ဘန်း' ကမ်းနား ပိုင်းအရပ်ကို အပေါ်စီးမှ  စီးမိုးကြည့်ရှုနိုင်သည့် အဆောက်အအုံတစ်လုံးပေါ်မှ ကြဲချသော ငွေစက္ကူအတုများကို ကောက်ယူရန် အလုအယက်တိုးဝှေ့ ကြခြင်းကြောင့် ဖြစ်ဖွယ်ရာရှိသည်ဟု ဆိုသည်။
ညသန်းခေါင်မတိုင်မီတွင်  'ဘန်း'အရပ်မှ ချင်းယီရင်ပြင်တွင် ကြီးမားသောလူအုပ်ကြီး စတင်ပြိုကျကြောင်း၊ ၂ဝ၁ဝ ခုနှစ်က အဆောက်အအုံ တစ်လုံး မီးလောင်၍ ၅၈ ဦး  သေဆုံးခဲ့ရသည့် ဖြစ်ရပ်နောက်ပိုင်း ယခုဖြစ်ရပ်သည် အဆိုးရွားဆုံး ဖြစ်ကြောင်း ရှန်ဟိုင်းအစိုးရက ပြောကြားသည်။
လူအများ  ရုန်းရင်းဆန်ခတ်ဖြစ်ရခြင်း၏ အကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မီဒီယာများနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည် မှာ ငွေစက္ကူအတုများကိုကောက်ယူရန်  လူစုလူဝေးကြီးက   ကြိုးစားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေသည့် ဒဏ်ရာရသူ ၄၇ ဦးအနက် ဝူဆိုသူက နှစ်သစ်ကူး ညပွဲတော် အစီအစဉ်တစ်ခုအဖြစ် အဆောက်အအုံ တစ်ခုရှိ အရက်ဆိုင်မှ ငွေစက္ကူအတုများကို လမ်း ပေါ်သို့ ပစ်ချခဲ့ကြောင်း၊ လူများက အလုအယက် ကောက်ကြရာမှ လူအချင်းချင်းတက်နင်းမိရခြင်း ဖြစ်ကြောင်း ပြောသည်။
သင်းသင်းဆိုသူ အမျိုးသမီးက ၎င်းသည် ငွေစက္ကူအချို့ကို ရရှိကြောင်း၊  အတုမှန်းသိသည့် အခါလွှင့်ပစ်ခဲ့ကြောင်း၊ သူရှေ့တွင် လူအချို့လဲကျခဲ့ကြောင်း၊ တခြားလူများက   ၎င်းတို့အပေါ် တက်နင်းကြကြောင်း ပြောသည်။
သေဆုံးသူအများစုနှင့် ဒဏ်ရာရရှိသူအများစု သည် ကျောင်းသားများဖြစ်ကြကြောင်း၊ သေဆုံးသူ များထဲတွင် အမျိုးသမီး ၂၈ ဦး ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
သမ္မတရှီကျင့်ဖျင်က ရှန်ဟိုင်းအစိုးရအား စုံစမ်းစစ်ဆေးရန်  ညွှန်ကြားခဲ့ကြောင်း၊  နိုင်ငံတစ်ဝန်းရှိ အစိုးရအဖွဲ့များကိုလည်း အလားတူ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ်  မပေါ်ပေါက်စေရန် အမိန့်ထုတ်ပြန်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာသည်။
ရှန်ဟိုင်းအစိုးရက တာဝန်ရှိသူများသည် ဖြစ်စဉ်ကိုစတင်စုံစမ်းစစ်ဆေးနေပြီး အခြား နှစ်သစ်ကူးပွဲများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြောကြားသည်။
                           
ရိုက်တာ။

No comments:

Post a Comment