Friday, January 2, 2015

ညောင်ရွှေမြို့၌ အင်းတိုင်းရင်းသားများ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒဖော်ထုတ်

Photo: ညောင်ရွှေမြို့၌ အင်းတိုင်းရင်းသားများ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒဖော်ထုတ်

ညောင်ရွှေ   ဇန်နဝါရီ    ၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံ တိုင်းရင်းသား  ၃၇၂၆  ဦးတို့သည် ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒဖော်ထုတ်ခွင့် တရားဝင်ခွင့်ပြုချက် တောင်းခံပြီး တောင်းဆိုချက်(၅)ချက်ပါဝင်သော လက်ကိုင်ပိုစတာများကိုင်ဆောင်၍ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ စုဝေးကာ ဖောင်တော်ဆိုက်လမ်း၊ ကမ်းနားလမ်းနှင့် ဖောင်တော်ပြန် လမ်းတစ်လျှောက်  လှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ်အတွင်း တစ်နာရီကျော်ကြာ လမ်းလျှောက်လှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွင် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဦးသာဒိုးက ''ဒေသဖွံ့ဖြိုးရေး ကိုယ်စားပြုတဲ့  နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားတွေပါဝင်ဖို့ အခွင့်အလမ်းရှိပါတယ်။ နိုင်ငံတော်ကလည်း ဒါကို အသိအမှတ်ပြုပေးသင့်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေမှာ လူနည်းစု အမြင်ထက် လူများစုအမြင်က ပိုကောင်းပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ အများကြီးလည်း လုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို တပ်မတော် တစ်ရပ်တည်းနဲ့ မဆောင်ရွက်နိုင်ပါဘူး။ တိုင်းရင်းသားတွေ အားလုံးပါဝင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရရေး အစိုးရကဆောင်ရွက်ပေးဖို့ ဆန္ဒဖော်ထုတ်တာပါ'' ဟု ရှင်းပြသည်။

''ညောင်ရွှေမြို့နယ်မှာ ဒါဟာပထမဆုံးအကြိမ် တွေ့မြင်ရတဲ့ လူထုဆန္ဒဖော်ထုတ်ပွဲပါ။ တိုင်းရင်းသား တွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့်ရလို့ ကျေနပ်ဝမ်းသာမိပါတယ်'' ဟု ဖောင်တော်ပြန်ရပ်မှ  ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်အောင်မြင်သည်အထိ  နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု လူမှုစီးပွားဘဝ  တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန်၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ အရေးဖြစ်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုနှင့် မဖြစ်နိုင်သည်ကို နိုင်ငံတော်အစိုးရက အလေးအနက် ထည့်သွင်းစဉ်းစားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားများအားလုံး ပါဝင်ခွင့်ရရှိရေးကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန်၊ ခြောက်ပွင့်ဆိုင်အလိုမရှိ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့် ရရှိရေးစသည့် အချက် (၅) ချက် ပါဝင်သော တောင်းဆိုချက်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment