Thursday, January 1, 2015

ကြေးမုံစာတည်းရှုထောင့်



နှစ်သစ်ဦးဆုတောင်း

 ယနေ့သည် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းသည့် ၂ဝ၁၅ နှစ်သစ်ဦးနေ့ဖြစ်ပါသည်။ ၂ဝ၁၅ နှစ်သစ်မင်္ဂလာအခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး 'မင်္ဂလာပါ'ဟု ကြိုဆိုရင်း ကျန်းမာချမ်းသာကြ ပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။ နှစ်တစ်နှစ်သို့ ကူးပြောင်းတိုင်း၊ လူသားတိုင်းရှောင်လွှဲမရနိုင်သည့် လူသားတစ်ဦးချင်း၏ နေထိုင်မှုဘဝသက်တမ်းသည်လည်း တစ်နှစ်ကုန်ဆုံးလျော့နည်းသွားပေပြီ။

ကုန်ဆုံးခဲ့ပြီးသော နှစ်များသည် မိမိတို့၏ဘဝအတွက် သင်ခန်းစာ ယူဖွယ်၊ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖွယ်ရာများပင်ဖြစ်သည်။ အချိန်သည် အတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ပြောင်းလဲဖြစ်တည်နေပြီး သံသရာစက်ဝန်းအတိုင်း ခရီးနှင်လျက်ရှိသည်။ အချိန်ကို ရပ်တန့်၍ မရနိုင်စကောင်း။ ရာသီစက်ဝန်း တစ်ပတ်ပြီးတစ်ပတ်လည်ပတ်ကာ အဟောင်းမှအသစ်သို့ အစားထိုးပြောင်းလဲသည်မှာ နိယာမတရားပင်ဖြစ်ပါသည်။

လောကသဘာဝတရားမှပေးသော ပြောင်းလဲဖြစ်တည်နေသည့် အရာများကို မိမိတို့၏ အသိ၊ သတိတို့ဖြင့် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်မင်္ဂလာအဖြစ် ဆောင်ကြဉ်းကြရမည်ဖြစ်ပါသည်။ နှစ်သစ်မှပေးသော လက်ဆောင်မွန်ကို ပိုင်နိုင်စွာ လက်ခံယူရန် အရေးကြီးပါသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်လွှတ်ပြီး နှစ်သစ်တွင် လူသစ်၊ စိတ်သစ်ဖြင့် ဘဝကိုလျှောက်လှမ်းကြရမည် ဖြစ်ပါသည်။ နှစ်ဟောင်းမှ ကြုံတွေ့ခဲ့ရသော အခက်အခဲ၊ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို နှစ်သစ်တွင် အောင်မြင်မှုများဖြင့် ပြောင်းလဲလက်ကမ်း ကြိုဆိုကြရမည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်း နှစ်သစ်မင်္ဂလာအဖြစ် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကာ ဆုတောင်းပွဲများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။ နှစ်သစ်သည် နှစ်တစ်နှစ်၏ အစဦးဖြစ်သလို မျှော်လင့်ချက်ရောင်ခြည်များရှိရာ နှစ်ဦးအစလည်းဖြစ်ပါသည်။ နှစ်သစ်တွင် ဆုမွန်ကောင်းများ တောင်းခဲ့ကြသလို ပြည်သူတစ်ဦးချင်းစီ အလိုက်လည်း မိမိတို့ဘဝအတွက် လက်တွေ့ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။ မျက်မှောက်ဘဝ လူမှုဝန်းကျင်တွင် ရုပ်ဝတ္ထုပစ္စည်းများသာ တိုးတက်နေရုံဖြင့် မပြီးသေးဘဲ နိုင်ငံသားတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများပါ မွန်မြတ်ကောင်းမွန်ပြီး တိုးတက်မြင့်မားသည့်၊ စည်းကမ်းပြည့်ဝသော နိုင်ငံအဖြစ် ဖော်ဆောင်သွားကြရမည်ဖြစ်ပါသည်။

ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းလာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသောအချိန်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်စဉ် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေရသည်များလည်း ရှိပါသည်။ သိုဖြစ်၍ မြန်မာပြည်သားများအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းသော ဘဝများကို ဖော်ဆောင်ရန် အထူးလိုအပ်ပေသည်။ ငြိမ်းချမ်းမှုသည် ဖွံ့ဖြိုးတိုးတက်မှု၏ လမ်းကြောင်းအမှန်လည်းဖြစ်ပေရာ ငြိမ်းချမ်းခြင်းသည်သာ ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ဘဝ၊ ပြည်သူ များ၏ ထာဝရအကျိုးစီးပွားများဟု ဆိုချင်ပါသည်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ လာမည့်နှစ်သစ်၏ တစ်နှစ်တာကာလအတွင်း မိမိတို့အကျိုးစီးပွားနှင့် နိုင်ငံတော်၏မျှော်မှန်း ချက်များကို မမှိတ်မသုန် စုပေါင်းအဖြေရှာ၊ စုပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၏ ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နေခြင်းဖြစ်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားရင်း မင်္ဂလာနှစ်သစ်တွင် အောင်မြင်မှုများကို လက်ဝယ်ပိုင်ဆိုင်ရရှိ နိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ၁ရက်မှစ၍ မြန်မာတစ်ဝန်းလုံး ကျက်သရေမင်္ဂလာအဖြာဖြာ တိုးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သ လိုက်ပါသည်။

ဤနှစ်သစ်မင်္ဂလာအခါသမယမှအစပြု၍ မြန်မာနိုင်ငံကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် ဝိုင်းဝန်းပါဝင်ကြရင်း မိမိတို့တစ်ဦးချင်းစီ၏ ပိုမိုတိုးတက်ကောင်းမွန်သော လူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှစ်သစ်ဦးဆုမွန်လွှာအဖြစ် ကြေးမုံက မိဘပြည်သူများကိုယ်စား တောင်းဆုခြွေလိုက်ရပါသည်။ ။

No comments:

Post a Comment