Thursday, January 1, 2015

အဲအေရှလေယာဉ်မှ ရုပ်အလောင်းများရှာဖွေရာတွင် ရာသီဥတုဆိုးရွားမှုကြောင့် အခက်ကြုံနေ


 


ဂျကာတာ ဒီဇင်ဘာ ၃၁ 

ပင်လယ်ထဲသို့ ပျက်ကျသွားသော အဲအေရှလေယာဉ်မှ အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများရှာဖွေရာတွင် အလွန်ကြီးမားသည့် လှိုင်းလုံးကြီးများ၊ လေပြင်းမုန်တိုင်း တိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများစသည့် ရာသီဥတုအခြေအနေဆိုးရွားနေမှုများကြောင့် ရှာဖွေရေးလုပ်ငန်းများ ခရီးမတွင်ဖြစ်ရကြောင်း ရှာဖွေရေးတာဝန်ရှိသူများက ပြောကြားသည်။

အင်ဒိုနီးရှားရှာဖွေရေးအဖွဲ့ဝင်များက ဆိုးရွားနေသည့် ရာသီဥတုအခြေအနေများကြားမှ ကျန်ရှိနေသေးသော ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ ပင်လယ်ပြင်တွင် မျောပါနေသည့် ရုပ်အလောင်း ၁ဝ လောင်းထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်းတစ်ခုမှာ အမျိုးသမီး တစ်ဦးဖြစ်ပြီး လေယာဉ်မယ်ဝတ်စုံ ဝတ်ဆင်ထားသည်ဟု အင်ဒိုနီးရှား အမျိုးသားကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီဥက္ကဋ္ဌ ဘမ်ဘန်းဆူလစ္စတိုက ပြောကြားသည်။

သတင်းအချက်အလက် ကွဲလွဲစရာတစ်ခုဖြစ်နေသည်မှာ ရေအောက်ပင်လယ်ကြမ်းပြင်တွင် လေယာဉ်မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို အတိအကျ မသိရသေးခြင်းပင်ဖြစ်သည်။ အသံလှိုင်းဖြင့် ရေအောက်အရာဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသောကိရိယာ ဆိုနာနည်းပညာက ရေအောက်နစ်မြုပ်နေသာ လေယာဉ် အပိုင်းအစများကို ရှာဖွေပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ယခုလောလောဆယ် လေယာဉ်မည်သည့်နေရာတွင် ရှိနေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရှာဖွေရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရှာဖွေရေးတာဝန်ရှိသူများသည် လေယာဉ်အပိုင်း အစများ၊ ရုပ်အလောင်းများအပါအဝင် လေယာဉ်တွင် ပါရှိသည့် ဘလက်ဘောက်ခ်ကိုပါ ရှာဖွေလျက်ရှိသည်။ ဘလက်ဘောက်ခ်သည် လေယာဉ်ပျက်ကျသွားမှုကို စုံစမ်းစစ်ဆေးသူများအတွက် လေယာဉ်မှူးက ရာသီဥတု ဆိုးရွားမှုကြောင့် လမ်းကြောင်းပြောင်းလဲမောင်းနှင်ရန် လေကြောင်းထိန်းချုပ်ဌာနသို့ ခွင့်တောင်းပြီးနောက် ဘာကြောင့်ပျက်ကျရသည်ကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။

ပျက်ကျသွားသည့် လေယာဉ်ပေါ်တွင် လေယာဉ်မောင်းနှစ်ဦး၊ ဝန်ထမ်းငါးဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးတို့ လိုက်ပါသွားသည်။၎င်းတို့အနက် စင်ကာပူ၊ မလေးရှား၊ ပြင်သစ်နိုင်ငံသားတစ်ဦးစီ၊ တောင်ကိုရီးယား သုံးဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦးဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်လိုက်ပါသွားသူ ခရီးသည်အချို့မှာ နှစ်သစ်ကူးအားလပ်ရက်ခရီးရှည်အဖြစ် စင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရန် ရည်ရွယ်ထားကြသူများဖြစ်သည်။သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်ဖြစ်ရာ ဆူရာဘာရာမြို့၌ နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများ ကျင်းပမည်မဟုတ်ဟု သိရသည်။

စီအင်န်အင်န်။

No comments:

Post a Comment