Thursday, January 1, 2015

၂ဝ၁၅ ခုနှစ်အတွက် နှစ်သစ်ကူးမင်္ဂလာ ဆုမွန်ကောင်း တောင်းဆုပြု


 


၂ဝ၁၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအတွက် ဆရာတော်ကြီးများ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်နှင့် အလွှာစုံမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ရာ အဆိုပါပြောကြားမှုများကို ကြေးမုံကစုစည်းဖော်ပြလိုက်ပါသည်-သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ

အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D. Litt

နှစ်ဟောင်းလွန်ကျူး နှစ်သစ်ကူးသည့် ၂ဝ၁၅ ခုနှစ်၏ နှစ်သစ်အခါသမယတွင် သက်ရှိသတ္တဝါများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့ ရန်ငြိုးမှန်သမျှကို မေတ္တာ- ခန္တီတို့ဖြင့် ဖြေဖျောက်အောင်မြင်နိုင်ပြီး နှစ်ဟောင်းမှအညစ်အကြေးများကို စွန့်ဖယ်နိုင်ကြပါစေ၊ ကမ္ဘာလောကကြီးအတွင်း ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းနိုင်ကြပါစေ၊ ဒေါသကိုမေတ္တာဖြင့် လွှမ်းမိုးနိုင်ကြပါစေ၊ ကြမ်းတမ်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ပြောင်းလဲနိုင်ကြပါစေ၊ ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ-အဟိံသ- သစ္စာတရားတို့နဲ့ ငြိမ်းချမ်းပြီး ယနေ့ကျရောက်သည့် နှစ်သစ်အခါသမယမှ စက္ကန့်တိုင်း၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့အေးချမ်းနိုင်ကြပါစေလို့ ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့အား မေတ္တာဆုမွန်ကောင်းတောင်း ထောမနာပြုလိုက် ပါသည်။

ဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်

၂ဝ၁၅ ခုနှစ်ဟာ အကြမ်းဖက်မှုကင်းတဲ့ မေတ္တာနှစ်ဖြစ်ပါစေလို့ ဘုန်းကြီးတို့က ဆုတောင်းမေတ္တာပို့သပါတယ်။ သတ္တဝါအားလုံး ကောင်းတာတွေချည်းပဲ ကြုံတွေ့ကြပါစေ၊ သတ္တဝါအားလုံးအပေါ်မှာ အဆိုးတွေ မကျရောက်ပါ စေနဲ့ဆိုတဲ့ မေတ္တာစေတနာထားပြီးတော့ အားလုံးအကောင်းတွေဖြစ်ကြဖို့ လူသားအချင်းချင်း လှည့်ပတ်ခြင်းကင်းကြပါစေ၊ လူသားအချင်းချင်းဆင်းရဲစေလိုခြင်းမှ ကင်းရှင်းကြပါစေ၊ အဲဒီလိုအချင်းချင်း အပြန်အလှန်မေတ္တာတွေထား နိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးမှာ အကြမ်းဖက်မှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်မှသာလျှင် အကြမ်းဖက်မှုတွေဟာ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေ လွတ်ကင်းဖို့အတွက် မေတ္တသုတ်တရားတော်မှာ ဟောပြထားတဲ့အတိုင်း စိတ်ရောကိုယ်ပါ လုံးဝရိုးသားတဲ့ စိတ်ဓာတ်မျိုး၊ ပွင့်လင်းတဲ့ စိတ်ဓာတ်မျိုးနဲ့သာ အကြမ်းဖက်မှုကင်းတဲ့ မေတ္တာကမ္ဘာ၊ မေတ္တာ နှစ်သစ်တည်ဆောက်နိုင်မှာဖြစ်တယ်။ အဲသလို မေတ္တာကမ္ဘာတည်ဆောက် တဲ့အခါမှာ အချင်းချင်းအကြံပေးမှု၊ ကောင်းမြတ်တဲ့အကြံအစည်တွေ လမ်းညွှန်ပေးမှုကိုလည်း တစ်ဦးစကားတစ်ဦး အလေးထားပြီးတော့ လိုက်နာဖို့လည်းလိုတယ်။

စိတ်ဓာတ်တွေဟာ မေတ္တာတွေ လွှမ်းခြုံထားတဲ့အတွက်ကြောင့် မောက်မာတဲ့ စိတ်ဓာတ်မျိုးမထားဘဲနဲ့ ပျော့ပျောင်းတဲ့စိတ်ဓာတ်မျိုး၊ အဲဒီလို စိတ်ဓာတ် မျိုးနဲ့သာလျှင် မေတ္တာနှစ်သစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့ အကြမ်းဖက်မှုကင်းတဲ့ နှစ်ဖြစ်ဖို့အတွက် အားလုံးဟာ မိမိတို့လိုက်နာရမယ့် အချက်တွေကို လိုက်နာကျင့်သုံးကြပြီး မိမိတို့စိတ်နေသဘောထားတွေကို အားလုံးတညီတည်း ပြင်ဆင်ပြီးတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း တစ်ဦးနဲ့ တစ်ဦး အနိုင်ယူတဲ့အခါမှာ အကြမ်းဖက်မှုနဲ့ အနိုင်မယူဘဲ ဒေါသကို မေတ္တာဖြင့် အနိုင်ယူခြင်း၊ လက်နက်ကိုလည်း သည်းခံခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူခြင်း အဲဒီလို ထာဝရကောင်းမြတ်တဲ့ အနိုင်ယူခြင်းနဲ့ အနိုင်ယူကျင့်သုံးနိုင်မှသာလျှင် ၂ဝ၁၅ ခုနှစ်ဟာ မေတ္တာနှစ်ဖြစ်မှာပါ။ ဗုဒ္ဓ ဘာသာဝင်သူတော်စင်တွေအနေနဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမကျင့်စဉ်များကို လိုက်နာ ကျင့်သုံးခြင်းဖြင့် အကြမ်းဖက်မှုကင်းတဲ့မေတ္တာနှစ်ကို ကြိုဆိုပြီး မေတ္တာနှစ်ဖြစ် အောင် ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ နှစ်ဦးမင်္ဂလာအခါသမယမှာ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်စင်များအား တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံတော်အကြီးအကဲများ၏ ၂ဝ၁၅ ခုနှစ်အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနှစ်ခုဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ လူမှုဘဝစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့တယ်။ ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းတွေလည်း ကျန်နေသေးတယ်။

ဒါကြောင့် ၂ဝ၁၅ ခုနှစ်မှာရရှိပြီးဖြစ်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုခိုင်မာပြီး ဆက်လက်ရှင်သန်နိုင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာဖို့နဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အစိုးရအဖွဲ့တစ်ခုတည်းသာမဟုတ်ဘဲ မဏ္ဍိုင်များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ ရရှိထားပြီးဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုများကို ဆက်လက်ထိန်းသိမ်းထားပြီး ညင်သာတဲ့အသွင်ကူးပြောင်းမှုများကို ဆက်လုပ်နိုင်ဖို့အတွက် အားလုံးက အမြင်ကျယ်ကျယ်၊ ဥာဏ်ပညာရှိရှိ ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။

မိဘပြည်သူများအနေနဲ့လည်း လာမယ့်နှစ်သစ်မှာ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိမိအကျိုး၊ နိုင်ငံ့အကျိုးကို ဒီထက်ပိုပြီးတိုးတက်အောင် ထမ်းရွက်နိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

အခု ၂ဝ၁၅ မှာ ပြည်သူတွေကို နှုတ်ဆက်ချင်တာကတော့ အားလုံးကျန်းမာ ချမ်းသာကြပါစေ။ ကျွန်တော် ဒီ၂ဝ၁၅ မှာ ဆုတောင်းပေးချင်တာကတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါစေ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှလည်း ပြည်သူတွေ လူနေမှုအဆင့်အတန်းလည်း တိုးတက်လာမယ်။ ကျွန်တော်တို့လိုနေတဲ့ ပညာရေးလုပ်ဆောင်ပေးတာတွေပိုပြီးတော့လုပ်ပေးနိုင်တယ်။ နောက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ပေးတာတွေလည်း ကျေးလက်ကျန်းမာရေး ကိစ္စတွေရော၊ မြို့ပြကျန်းမာရေးကိစ္စတွေရော ပိုပြီးတော့မှ လုပ်ပေးနိုင်မှာဖြစ်တယ်။ အဲဒါကြောင့်မို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ ပြောနေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်မှုမှာလည်း စီးပွားရေးတိုးတက်လာပါမှ ပိုပြီးတော့ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံရဲ့ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုး ရေးမှာဆိုလျှင်လည်း တကယ်လို့ စီးပွားရေးဖွံ့ဖြိုးတယ်ဆိုရင် ဒီထက်မက လုပ်ပေး နိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့ ဦးစားပေးပြီးတော့ ပြောခြင်းဖြစ်ပါတယ်။ နံပါတ်(၂)အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိစ္စပါ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စလုပ်ငန်းစဉ်က အောင်မြင်မယ်ဆိုလို့ရှိရင် ဒီ ၂ဝ၁၅ မှာ အောင်မြင်စေချင်ပါတယ်။ အောင်မြင်ပါမှပဲ နိုင်ငံက တည်ငြိမ်အေးချမ်းမယ်၊ စီးပွားရေးလည်း ဖွံ့ဖြိုးမယ်။ အဲဒါဆိုလို့ ရှိရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက် ပြီးမှ တိုင်းရင်းသားအားလုံး အေးအတူပူအမျှ အတူတကွ နေနိုင်တယ်ဆိုတာ အကောင်အထည်ပေါ်လာမှာလို့ ယုံကြည်ပါတယ်။ နောက်တစ်ခါ ဒီငြိမ်းချမ်းရေးရှိမှပဲ စီးပွားရေးက လုပ်လို့ရမှာပါ။ှုညလနျအာနညအ တွေလည်း လာပါမယ်။ မငြိမ်းချမ်းဘဲနဲ့တော့ ရင်းနှီးမြှုပ်နှံမှုက တော်ရုံတန်ရုံနဲ့တော့ သိပ်မလာချင်ကြဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကို ရစေချင်ပါတယ်။ နောက်တစ်ခုက နံပါတ်(၃)က နိုင်ငံရေးပါ။ ဒီလာမယ့် ၂ဝ၁၅ မှာ နိုင်ငံရေးအခြေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားဖြတ်သန်းသွားလာနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးတည်ငြိမ်ပါမှ တိုင်းပြည်ပြန်လည်တည်ငြိမ်မှာဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်မှလည်း စီးပွားရေးလည်းလုပ်လို့ရမယ်။ အစစအရာရာလည်း တိုးတက်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိမှာဖြစ်တဲ့အတွက် ဒီသုံးခုကိုတော့ ကျွန်တော့်အနေနဲ့ ၂ဝ၁၅ မှာ အောင်အောင်မြင်မြင်နဲ့ ဖြစ်ပေါ်စေချင်တဲ့ဆန္ဒ။ ဒါကြောင်မို့ ၂ဝ၁၅ မှာ ဒါတွေကို အောင်မြင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။ ဆုတောင်းပါတယ်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူလူထုကြီး ခင်ဗျား-

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

အခက်အခဲ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို

''စိုးမရွံ့ ... တွန့်မတုန်

မိုးနဲ့လေ...ရေရှုပ်ထွေး

ရွေးမျှမဖြုံ''

ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း စိတ်ဓာတ်နဲ့ ကျွန်တော်တို့တစ်တွေ အတူတကွ ရင်ဆိုင်ကျော်လွှားဖြေရှင်းရင်း ၂ဝ၁၄ ခုနှစ်ကို ဖြတ်သန်းခဲ့ကြပါပြီ။

အောင်မြင်မှုတွေကြောင့် ဂုဏ်ယူပီတိဖြစ်ခဲ့ရတာတွေရှိခဲ့သလို မှန်းသလောက် ခရီးမပေါက်ဘဲ စိတ်နောက်ကိုယ်ပါ လိုရာပြည့်စုံမှုမရှိနိုင်ခဲ့တာတွေကြောင့် စိတ်မကောင်းစရာတွေလည်း ကြုံခဲ့ရပါတယ်။

၂ဝ၁၄ ခုနှစ် ဖြတ်သန်းမှုအတွေ့အကြုံတွေကနေပြီး သင်ခန်းစာများ ဖော်ထုတ်ကာ လာတော့မယ့် ၂ဝ၁၅ ခုနှစ်ကို ပြည်ထောင်စုကြီးအတွက် ငြိမ်းချမ်းမှုနဲ့ ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းလာနိုင်မယ့် နှစ်သစ်အဖြစ် ကျွန်တော်တို့ အတူတကွ ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

''လူထုအား အများကြီးလိုသည်''ဆိုတာ ကျွန်တော်တို့ရဲ့ စွဲမြဲတဲ့ခံယူချက် ဖြစ်ပါတယ်။

လူထုရဲ့ ယုံကြည်မှုနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုဟာ အောင်မြင်မှုအတွက် သော့ချက်ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ''များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ'' ဖြစ်အောင် ရဲဝံ့တဲ့သတ္တိ၊ ခိုင်မြဲတဲ့ သန္နိဋ္ဌာန်၊ အရာရာအသင့်ဖြစ်မှုတွေနဲ့အတူ ကျွန်တော်တို့အားလုံး ပေါင်းရုံး ညီညွတ်စွာ အတူတကွ ထူထောင်တည်ဆောက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျား။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူလူထုအပေါင်းခင်ဗျာ-

တိုင်းရင်းသားပြည်သူတို့ရဲ့ မျိုးဆက်များဖြင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲတစ်ယောက်အနေဖြင့် တပ်မတော်ကိုယ်စား တိုင်းရင်းသားပြည်သူ များအားလုံးကို ၂ဝ၁၄ နှစ်ဟောင်းကုန်လို့ ၂ဝ၁၅ နှစ်သစ်ကူးအခါသမယမှာ ''နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ''၊ ''မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံပါစေ''လို့ ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သပါတယ်။

ကျွန်တော်တို့ တပ်မတော်သားများဟာ ပြည်သူကြားမှ ပေါက်ဖွားလာသူများပီပီ မွန်မြတ်တဲ့စိတ်ထားဖြင့် နိုင်ငံတော်နဲ့ ပြည်သူကို အသက်ခန္ဓာအပ်နှင်းပြီး အလုပ်အကျွေးပြုလျက်ရှိပါတယ်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြောင်းလဲလျှောက်လှမ်းခဲ့ရာမှာ အောင်မြင်မှုများရရှိခဲ့သလို စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ယနေ့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မလွဲမသွေ ခိုင်ခိုင်မြဲမြဲရှိစေရေးအတွက် တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ရပ်တည်ချက်များနှင့်အတူ ပူးပေါင်းပါဝင်လျက်ရှိကြောင်း လေးလေးနက်နက်ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ နိုင်ငံတော်ရဲ့တည်ရှိမှု၊ သမိုင်းအစဉ်အလာနဲ့ တိုင်းရင်းသားပြည်သူများရဲ့ အခြေ အနေအပေါ်မူတည်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင် ရွက်လျက်ရှိပါတယ်။

၂ဝ၁၅ ခုနှစ်မှာ နိုင်ငံသားအားလုံး ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းရပ် များစွာရှိပါတယ်။ တပ်မတော်အနေနဲ့ အဆိုပါလုပ်ငန်းရပ်များကို တိုင်းရင်းသား ပြည်သူတို့နှင့် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment