Friday, January 2, 2015

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်

Photo: ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်

နေပြည်တော် ဇန်နဝါရီ ၁

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်း အမှတ်စဉ် (၁၁/၂ဝ၁၄) သင်တန်းဖွင့်ပွဲကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ မြို့ အင်းစာပေယဉ်ကျေးမှုခန်းမတွင် ဖွင့်လှစ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ တက်ရောက်အမှာစကားပြောကြားသည်။
 
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ကြသည်။ သင်တန်းကာလမှာ လေးပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား ၁၂ဝ တက်ရောက်ကြောင်း သိရှိရသည်။

အခမ်းအနားတွင် အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညောင်ရွှေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေတို့က ဒေသတွင်းရှိ လူငယ်မောင်မယ်များအား အလုပ်အကိုင်ရရှိရေးအတွက် ယခုကဲ့သို့ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို လာရောက်ပို့ချပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၃ဝ ရက်တွင် ညောင်ရွှေမြို့ ဟူပင်ဟိုတယ်၌ ညောင်ရွှေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊  ပို့ဆောင်ရေးအသင်း၊ ဧည့်လမ်းညွှန်အသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍  ဒီဇင်ဘာ ၂၉ ရက်က Inle Princess Resort Hotel မီးလောင်မှုနှင့်ပတ်သက်ပြီး နောင်အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် အခြားသောခရီးသွားလုပ်ငန်းကို ထိခိုက်စေသောအုပ်ချုပ်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment