Friday, January 2, 2015

နေပြည်တော်ကောင်စီနယ်မြေအတွင်း စက်ရေတွင်းများဖွင့်

Photo: နေပြည်တော်ကောင်စီနယ်မြေအတွင်း စက်ရေတွင်းများဖွင့်

နေပြည်တော်   ဇန်နဝါရီ    ၁

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် လယ်ဝေးမြို့နယ် ဓားမကျ-စမ်းကလေးရိစာလမ်းဖွင့်ပွဲ၊ ရွှေကျင်ကျေးရွာ စက်ရေတွင်းဖွင့်ပွဲ၊ တလုပ်ပင်ကျေးရွာ စက်ရေတွင်းဖွင့်ပွဲနှင့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ကျေးရွာအုပ်စု ရန်အောင်မြင်ကျေးရွာ၌ စက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

နေပြည်တော် လယ်ဝေးမြို့နယ် ဓားမကျ-စမ်းကလေး ရိစာလမ်းဖွင့်ပွဲ အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးထားမှုအခြေအနေများအား ရှင်းလင်းအမှာစကားပြောကြားပြီး လယ်ဝေး မြို့နယ် ဓားမကျ-စမ်းကလေးရိစာ လမ်းသစ်အား နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး နှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးအောင်တို့မှ ရိစာလမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် ဧည့်သည်တော်များသည် လယ်ဝေးမြို့နယ် ရွှေကျင်ကျေးရွာ စက်ရေတွင်းဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြရာ ရွှေကျင် ကျေးရွာစက်ရေတွင်းအား နေပြည်တော်ကောင်စီဝင် ဦးမြင့်ဆွေ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်  ဦးအောင်ကျော်ငြိမ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းတို့မှ  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် ဧည့်သည်တော်များသည် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာ စက်ရေတွင်း၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ စက်ရေတွင်းတို့အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။  ထို့နောက် စက်ရေတွင်းများမှ ရေများထွက်ရှိနေမှုနှင့် ကျေးရွာနေပြည်သူများမှ သောက်သုံးရေများ လာရောက်ခပ်ယူနေမှုအား ကြည့်ရှုအားပေးကြသည်။

ယနေ့ဖွင့်လှစ်သည့်  လယ်ဝေးမြို့နယ် ဓားမကျ-စမ်းကလေးလမ်းသည် အရှည်ပေ ၅ဝဝဝ အကျယ် ၁၄ ပေရှိပြီး ကျေးရွာနေပြည်သူများ အနေဖြင့်  သွားလာရန်ခက်ခဲသည့်အတွက်  ရိစာလမ်းအဖြစ်အဆင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ တလုပ်ပင်ကျေးရွာ၊ ရွှေကျင် ကျေးရွာနှင့် ရန်အောင်မြင်ကျေးရွာ စက်ရေတွင်းများသည်  အနက်ပေ ၃၆ဝ နှင့် ၃၈ဝ ပေရှိ ၄ လက်မတွင်းများဖြစ်ပြီး တစ်နာရီ ရေထွက်နှုန်းမှာ ဂါလန် ၁၂ဝဝ ဖြစ်ကြောင်း၊  (၇x၅x၇) ပေရှိ ရေစက်ရုံတည်ဆောက်ပေးထားပြီး 12 Hp Engine and 3.5" x 3 compressorတို့ကို တပ်ဆင်ပေးထားကြောင်းနှင့် ရေဂါလန် ၁၂ဝဝ ဆံ့ အုတ်ရေကန်တစ်ကန်ပါ ဆောင်ရွက်ပေးထားကြောင်း ထိုသို့ ပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးခြင်းဖြင့်  ကျေးရွာနေပြည်သူများမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

(ဇော်မင်းအောင်)

No comments:

Post a Comment