Saturday, January 31, 2015

ကာကွယ်ထိန်းသိမ်းရမည့် ဒဏ်ရာရတောတောင်နှင့် စေတီတော်

Photo: ကာကွယ်ထိန်းသိမ်းရမည့် ဒဏ်ရာရတောတောင်နှင့် စေတီတော်

မြင့်မားသော ကျောက်တောင် ကမ်းပါးများအပေါ်မှစီးမိုးထားသည့် တောင်ခါးပန်းတွင်  သပ္ပာယ်ကြည် ညိုဖွယ် ရွှေရောင်ဝင်းဝင်းနှင့် စေတီတော်၊ သံဃာတစ်ပါးစာ ကျောင်းငယ် တစ်ခုတို့ တည်ရှိနေသည်။ စေတီ တော်၏ရင်ပြင်မှ  အောက်ဘက်အဝေးသို့  လှမ်းမျှော်ကြည့်လျှင် သာယာသော  မြေပြန့်လွင်ပြင်နှင့် ရစ်ခွေစီးဆင်းနေသော ပေါင်းလောင်းမြစ်ကို လှပစွာတွေ့မြင်နေရသည်။ 

သာယာမှုကို ဖျက်ဆီးမည့်ထူးခြားသော အသံတချို့ကြားရပြီး  ခဏအတွင်း  တောင်ချိုင့်ဝှမ်းအတွင်းမှ စတင်လာသော တောမီးကသစ်ပင် များကို ဝါးမြိုလောင်ကျွမ်းရင်း စေတီ တော်ပရိဝုဏ်အနီးသို့တိုင် တောက် လောင်ချဉ်းကပ်လာခဲ့သည်။ လူနေဒေသနှင့်  အနည်းငယ်လှမ်းသော နေရာဖြစ်၍ ကျောင်းငယ်အတွင်းမှ ဆရာတော်တစ်ပါး   ဆင်းလာ၍ သစ်ကိုင်းများနှင့်ရိုက်ကာ တောမီးကို ငြှိမ်းသတ်သည်။   လေငြိမ်ချိန်တွင် ကျောင်းကန်ငယ်မှ ရေကိုယူ၍ ဖြန်းသည်။   နာရီအတန်ငယ်ကြာမှ တောမီးက ရှောင်ကွင်းသွားခဲ့သည်။ သို့သော်  ပြုစုပျိုးထောင်ထားသော သစ်ပင်ငယ်များကို တောမီးကဝါးမျို ဖျက်ဆီးသွားခဲ့ပြီဖြစ်သည်။

''ဘုန်းကြီးက တစ်ပါးတည်း ဧကစာရီကျင့်သုံးရတာ သပိတ်တစ်လုံးနဲ့ နေရတာကို နှစ်သက်တယ်။ လာဘ်လာဘမဋ္ဌေးချင်ပါဘူး။ သီလနဲ့ ကုသိုလ်ပဲ ဋ္ဌေးချင်တယ်။ ကိုယ့်အတွက် တရားဘာဝနာအလုပ်လုပ်သလို လောကီနယ်သားတွေအတွက်  အေးချမ်းစေရေး၊  ဒီတော၊  ဒီမြေ၊  ဒီနေရာတွင် စိမ်းလန်းပြီး သတ္တဝါလေးတွေနားနေ မှီခိုစရာ လူတွေအတွက် အအေးဓာတ် လေးရစေဖို့   သစ်ပင်ကလေးတွေ ပြုစုပျိုးထောင်တယ်။ သစ်ပင်ပေါက် ကလေးတွေ ဘုန်းကြီးကိုလှူရင် ဘုန်းကြီးဝမ်းသာမှာပေါ့။ ဒီတောင်ပေါ်မှာ သစ်ပင်တစ်ပင်ရှင်သန်ဖို့ အရမ်းခက်ခဲသွားပြီ။  တစ်နေ့က ခြေသလုံးလောက်အရွယ်သစ်ပင်ငါးပင်လောက်  ခုတ်သွားကြတယ်။ တောင်ကတုံးတစ်စဖြစ်ပြီး အပေါ်ယံ မြေဆီလွှာပျက်စီးနေပြီဖြစ်တဲ့ ဒီအချိန် မှာ သစ်ပင်တစ်ပင်ဖြစ်ဖို့ မလွယ်ကူ တာမို့ အရမ်းနှမျောတယ်''ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ထီးသုံးဆင့်နှင့်  တစ်မူထူးခြား သပ္ပာယ်လှသည့်  စေတီတော်နှင့် တောရကျောင်းကလေးကို ထီးသုံးဆင့် စေတီတော်နှင့်   ဇီးတောတောရ ကျောင်းဟုခေါ်၍ ဒေသခံတို့ ဒေါ်ခင်း သို့မဟုတ်   ကျောက်ဖျာတောင်ဟု ခေါ်သော တောင်ခြေကမ်းပါးယံတွင် တည်ရှိပြီး နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ အရှေ့ဘက်ရှိ တောင်တန်းများနှင့် ဆက်စပ်လျက်ရှိ သည်။ ဆရာတော်၏  ဘွဲ့အမည်မှာ ဦးကောဝိဒဖြစ်သည်။ အနီးအနားတွင် ဆီးဖြူပင်ရွာနှင့် သစ်စိမ့်ပင်ရွာတို့ရှိသည်။

မြို့ပြချဲ့ထွင်မှုများ၊     လမ်းမများ ချဲ့ထွင်မှုများကြောင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တောင်များဆီမှ ကျောက်ထုတ်လုပ်မှု များ တိုးတက်လာခဲ့ရာ နေပြည်တော် ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများ မှာ ချိုင့်ခွက်ဒဏ်ရာများစွာဖြင့် ရှိနေ သလို ကျဲပါးချည့်နဲ့သော လက်ကျန် တောအနည်းငယ်မှာလည်း သစ်ခိုး ခုတ်မှု၊ သဘာဝတောမီးနှင့် တောင်ယာမီး၊ ကူးစက်မီးကလည်း တောနှင့်တောင်တို့ကို    ဝါးမျိုဖျက်ဆီးလျက်ရှိ သည်။   သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမှုအင်အားကြီးမားသလောက် ထိန်းသိမ်းကုစားသူများဘက်မှာတော့ အင်အားနည်းပါးလှသည်။ 

ဤစေတီပရိဝုဏ်နှင့်   ဤတော တောင်တို့စိမ်းလန်း၍    ရေရှည် တည်တံ့လှပစေရေးသည် တစ်ဦးတစ် ယောက်အားဖြင့် မရနိုင်ပါ။ ပတ်ဝန်း ကျင်ကျေးရွာများနှင့်တာဝန်ရှိ၊ တာဝန်သိ စေတနာရှင် အပေါင်းတို့ ပူးပေါင်း၍ ဤစေတီနှင့် တောတောင်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးကြစေလိုပါကြောင်း......

သတင်း - ကိုကိုနေ

ဓာတ်ပုံ - ကိုမျိုး(ရွှေပေါက်ကန်)
 
No comments:

Post a Comment