Saturday, January 31, 2015

ရေရှည်ဖွံ့ဖြိုးအောင် ကြိုးပမ်းစွမ်းဆောင်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြန်မာနိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ(LDC) အဖြစ်မှ လွတ်မြောက်ရန်နှင့်အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံဖြစ်ရန်ဟူသည့် မျှော်မှန်းချက်သုံးရပ် ထားရှိဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဇန်နဝါရီ ၂၇ ရက်က ကျင်းပသော ကျေးလက်ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနား၌ ပြောကြားလိုက်ပါသည်။

ဤသို့ ရည်မှန်းချက်များ အောင်မြင်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ပြီး လူတစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိအောင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေရန် ထိရောက်စွာဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ထို့ကြောင့်ပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ထိရောက်စွာဖော်ဆောင်သွားနိုင်ရန် လိုအပ်သည့် ငွေကြေးအရင်းအနှီးကို သမဝါယမဝန်ကြီးဌာနက ပြည်ပချေးငွေရယူကာ သက်သာသောအတိုးနှုန်းဖြင့် ငွေချေးပေးခြင်း၊ လယ်ယာသုံးနှင့်လုပ်ငန်းသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။ယခုအချိန်တွင် သမဝါယမဝန်ကြီးဌာနက အခြေခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် လက်လုပ်လက်စားများအတွက် အမှန်တကယ်လိုအပ်နေသည့် အရင်းအနှီးများကို အတိုးနှုန်းသက်သာသောMicrofinanceလုပ်ငန်းဖြင့် တစ်နိုင်ငံလုံးသို့ ချေးငွေကျပ် ဘီလီယံ ၂ဝဝ ကျော်ကို အတိုး ၁ ကျပ် ပြား ၅ဝ နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်း သိရပါသည်။

ဤသို့ အရင်းအနှီးအတွက် ငွေချေးပေးခြင်းဖြင့် ပြည်သူများအတိုးကြီးပေးပြီး ငွေချေးယူနေရသည့်အခြေအနေမှ လတ်တလောသက်သာစေရန်နှင့်နောင်လေးငါးနှစ်အတွင်း ငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိလုပ်ငန်းလုပ်ကိုင်နိုင်အောင်၊ ထိုမှတစ်ဆင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်သည့ှ်Sustainable Development ဖြစ်အောင် ရည်မှန်းချက်ထားဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ ချေးငွေများပြန်ဆပ်ရာတွင် စုဆောင်းငွေများပါ ပေါင်းထည့်သွားရ မည်ဖြစ်၍ ငွေချေးထားသူများအနေဖြင့် နှစ်ကြာလာသည့်အခါ စုဆောင်းငွေများတိုးပွားလာပြီး မိမိတို့၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ရပ်တည်ကာ လုပ်ငန်းများချဲ့ထွင်လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။

ထိုသို့ ချေးငွေရယူဆောင်ရွက်ကြသည့် ကျေးရွာတိုင်းသည် နောင်လေးနှစ်ပြည့်သောအခါ ချေးငွေများပြန်ဆပ်ပြီးနောက် အသင်းနှင့်အသင်းသားပိုင်ရန်ပုံငွေကျပ် သိန်း ၁ဝဝ ကျော်စီရရှိလာမည် ဖြစ်ပါသည်။ ထိုအခါကျေးရွာတိုင်းသည် ပြင်ပမှငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိဘာသာလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ရရှိလာမည်ဖြစ်ပါသည်။ ဤရည်မှန်းချက်အတိုင်း အမှန်တကယ်ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါသည်။ ချေးငွေ ရယူထားသူ အသင်းသားအားလုံးက ချေးငွေများကို မှန်မှန်ပြန်လည်ပေးဆပ်သည့်အပြင် စုဆောင်းငွေများကိုလည်း မှန်မှန်စုဆောင်းသွားနိုင်ရမည်ဖြစ်ပါသည်။ ဆောင်ရွက်လုပ်ကိုင်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အမှန်တကယ် တိုးတက်အောင်မြင်အောင် စနစ်တကျစီမံကွပ်ကဲပြီး အလုပ်ကိုမနားမနေ ကြိုးစားအားထုတ်ကြပါမှ အကျိုးရလဒ်ကောင်းများပေါ်ထွက်လာမည်ဖြစ်ပါသည်။ သို့ပါ၍ ချေးငွေ၊ လုပ်အားအရင်းအနှီးတို့ကို အကျိုးရှိစွာ မှန်ကန်စွာအသုံးချနိုင်ပါမှ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး မိမိတို့မျှော်မှန်းထားသည့်အတိုင်း LDC နိုင်ငံအဖြစ်မှလွတ်မြောက်ကာ အလယ်အလတ်ဝင်ငွေရှိသည့်
နိုင်ငံအဖြစ်ရပ်တည်လာနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment