Friday, January 2, 2015

ဘွားသက်ရှည်များ၏ စကားသံ



Myanmaalinn's photo.Myanmaalinn's photo.Myanmaalinn's photo.Myanmaalinn's photo.
 
 
ရေး-ဟန်နီဝင်း
ဓာတ်ပုံ-ကောင်းထက်

အာရောဂျံ ပရမံလာဘံ ဆိုသည့် စကားအတိုင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်။ ထိုသို့ ကျန်းမာခြင်းဆုလာဘ်ဖြင့် အသက် ရာကျော် နေထိုင်နိုင်သည့် ဘွားသက် ရှည်များနှင့် တွေ့ဆုံရာတွင် အသက် (၁ဝ၃)နှစ်ရှိပြီဖြစ်သော အဘွားပုက ''ရောဂါရယ်လို့ ထွေထွေထူးထူး ဘာမှမရှိဘူး။ ဆေးခန်းလည်း မသွား ဖူးဘူး။ ဒါပေမယ့် ဆေးရုံက လာပေး ထားတဲ့ အားဆေးတွေစားတယ်။ လာကန်တော့ထားတဲ့ အားဆေးတွေ လည်း စားပါတယ်။ အဘွားက အသားမစားဘူး။ ငါးပဲ တစ်ခါတလေ စားတယ်။ အဘွားက အရွက် ကြော်ကြိုက်တယ်။ အုန်းနို့ခေါက်ဆွဲ ကြိုက်တယ်။ မြေးမလေးက မုန့်ဟင်း ခါးရောင်းတော့ မနက်တိုင်း မုန့်ဟင်း ခါးစားတယ်။

အဘွားမှာ မောင်နှမက ငါး ယောက်ရှိပါတယ်။ အဘွားက အငယ်ဆုံးပါ။ ကျန်တဲ့သူတွေကတော့ မရှိတော့ဘူး။ အဘွားက သားသမီး ငါးယောက် မွေးထားပါတယ်။ သုံး ယောက်က ဆုံးသွားပြီ။ သမီး နှစ် ယောက်ရှိတယ်။ အခုကတော့ သမီး အကြီးနဲ့ နေပါတယ်'' ဟုပြောသည်။

အဘွားပုနှင့် အတူနေ မိသားစု တွင် သားမက်ဖြစ်သူက စက်ဘီးဖြင့် ကလေးအရုပ် ရောင်းချပြီး သမီး ဖြစ်သူနှင့် မြေးမလေးက မနက်ပိုင်း တွင် မုန့်ဟင်းခါး၊ ညနေပိုင်းတွင် မုန့်ပျားသလက် ရောင်းချလုပ်ကိုင် ကာ အဘွားကို ပြုစုစောင့်ရှောက်ပေး လျက်ရှိသည်။ အဘွားက သူ့ကို ယခုကဲ့သို့ မိသားစုက ပြုစုစောင့် ရှောက်သကဲ့သို့ ရပ်ရွာကလည်း ကြည့်ရှု စောင့်ရှောက်သည်ကို ''အဘွားကို အဘွားတို့ ရပ်ရွာထဲက လည်း စောင့်ရှောက်ပါတယ်။ အခုလို အသက်ကြီးတဲ့သူတွေကို ကူညီစောင့် ရှောက်ကြတာ ဝမ်းသာတယ်။ အားလုံးကို ဘဝအဆက်ဆက်က တော်စပ်ခဲ့တဲ့ သားသမီးတွေလို့ မှတ် ပါတယ်။ ဒါကြောင့် အမြဲ မေတ္တာပို့ တယ်။ မနက်ပိုင်းမှာ တရားခွေနား ထောင်တယ်။ မနက်တိုင်း ညတိုင်း အားလုံးကို မေတ္တာပို့တယ်။ တရား စခန်းတွေလည်း ဝင်တယ်။

မနက်ဆို ၄ နာရီထတယ်။ ဘုရား ဝတ်ပြု၊ မေတ္တာပို့တယ်။ ညနေဆို လည်း ဘုရားဝတ်ပြု၊ မေတ္တာပို့ အမျှ ဝေတယ်။ ပုတီးစိပ်တယ်။ အိပ်ရာ ဝင်ကာနီး တရားမှတ်တယ်။ မနက် ပိုင်းမှာ ရွာထဲက ဓမ္မာရုံမှာလည်း ဆွမ်းတော် လှူတယ်။ ရေချမ်းတို့ ပန်းတို့ လှူတယ်။ ဓမ္မာရုံမှာလည်း နေ့တိုင်း ဘုရားဝတ်ပြုတယ်'' ဟု ပြောသည်။

အဘွားပုသည် သူ၏ အသက် ၇ဝ ကျော်တွင် စတင်ပြုလုပ်သည့် ပျဉ်းမနားမြို့ ဥယျာဉ်စုရပ် ပထမ ဆုံးအကြိမ် သက်ကြီးပူဇော်ကန် တော့ပွဲမှ ယနေ့ကျင်းပသည့် အချိန်ထိ ပါဝင်ခဲ့သော သက်တော် ရှည် ဘွားပုဖြစ်သည်။

ဆက်လက်ပြီး သူကိုယ်တိုင် လည်း ပေါင်ဒါလိမ်းကာ စိပ်ပုတီးကို ပေါင်းဒါမှုန့်ဖြူးပြီး စိပ်လေ့ရှိသည့် အသန့်ကြိုက်သော အဘွားခင်က ''အဘွားက အသန့်ကြိုက်တယ်။ ပန်းကြိုက်တယ်။ နေ့တိုင်း ပန်းပန် တယ်။ နေ့တိုင်းပန်းရောင်းတဲ့လူက လည်း ပေးတယ်။

ကျန်းမာရေးကတော့ ကောင်း ပါ့။ အစားကတော့ အကုန်စားတယ်။ ဟင်းချိုဟင်းကြိုက်တယ်။ ကြက်သား ကြော်ကြိုက်တယ်။ နံနက်ခင်းပိုင်းဆို နန်းကြီးသုပ်စားတယ်။ ကောက် ညှင်းပေါင်းစားတယ်။ မတည့်တာ တော့ ဘာမှမရှိဘူး''ဟု ပြောပြသည်။

အဘွားခင်က အလှူကြီးများ လည်း လှူဒါန်းခဲ့ပြီး ရွှေတိဂုံ၊ မဟာ မြတ်မုနိ စသည် တန်ခိုးကြီး ဘုရားများကို ကွယ်လွန်သွားပြီဖြစ် သော ခင်ပွန်းဖြစ်သူ ကိုချစ်စုနှင့် အတူ ဖူးမြော်ခဲ့ဖူးကြောင်း သိရသည်။ ဘုရားဝတ်ပြုတိုင်း အဘွားက ကွယ် လွန်သွားတဲ့ မိဘတွေ၊ ခင်ပွန်းသည် နဲ့ ခင်ပွန်းသည်ရဲ့ မိဘနှစ်ပါးတို့ကို အမျှပေးဝေလေ့ရှိတယ်။ အသက် ၁ဝဝ ပြည့်မွေးနေ့ကစပြီး မွေးနေ့တိုင်း ရွာမှာ ကုသိုလ်ရအောင် တရားပွဲတွေ လုပ်တယ်။ မွေးနေ့နံနက်ခင်းမှာ ဘုန်းကြီး ဆွမ်းကပ်လှူတယ်။ အဘွား ကို လှူကြတဲ့ အဝတ်အထည်တွေကို နေကထိုင်ချုပ်ပြီး လှူတယ်။ မျက်နှာ သုတ်တွေ၊ အမွှေးခဲတွေလည်း ပြန် လှူတယ်'' ဟု ပြောပြသည်။

ဆက်လက်ပြီး အဘွားက ''သားသမီးတစ်ကျိပ် မွေးခဲ့ပေမယ့် သမီးနှစ်ယောက်နဲ့ သားနှစ်ယောက် ပဲ အဖတ်တင်တယ်။ အခု သား နှစ်ယောက်က အိမ်ထောင်ကျပြီး အပျိုကြီး သမီးနှစ်ယောက်နဲ့ နေတယ်။

လူမှန်းသူမှန်းသိစ ၁၃ နှစ်အရွယ် ကတည်းက လယ်လုပ်တယ်။ မျှစ်ချိုး တယ်။ အလုပ်မှန်သမျှ အကုန်လုပ် တယ်။ မြက်တစ်ရှဉ်းကို တစ်မတ်၊ ငါးမူးရတယ်။ အလံကွမ်းသီးဈေးကို တစ်နေ့ သုံးလေးခေါက်သွားပို့တယ်။ ခုတော့ အသက်က ၁ဝဝ ကျော်ပြီ။ ဘာမှမလုပ်တော့ဘူး။ ထိုင်စားတယ်။ ဘာမှမပူရဘူး'' ဟု ပြောသည်။

အဘွားခင်သည် လွတ်လပ်ရေး မရမီ ခေတ်ကာလများကို ဖြတ်ကျော် ခဲ့ရသူဖြစ်ပြီး ဂျပန်ခေတ်တွင် ခင်ပွန်း သည်၏ အမျိုးများ စက်သေနတ်မှန် သေဆုံးခဲ့သည်ကို အမှတ်ရသည့်အခါ ပြောပြလေ့ရှိသည်။

အသက် ၁ဝ၉ နှစ် ရှိပြီဖြစ်သည့် အဘွားလုံးကလည်း ကောက်ရိုးပုံ တွင် မီးလှုံရင်း ဂါဝန်အင်္ကျီ မီးလောင် ပြီး ကျောခုံးတွင် ဒဏ်ရာရခဲ့သည်ကို ငယ်ဘဝ အမှတ်တရအဖြစ် ပြောပြခဲ့ ပါသည်။

ဆက်လက်ပြီး အဘွားလုံးက ''အဖေနာမည်က ကိုဖိုးတုတ်၊ အမေ နာမည်က ဒေါ်ငွေဆောင်ပါ။ အဘွား မှာ သားသမီး ရှစ်ယောက်ရှိတယ်။ အခု သုံးယောက်ပဲကျန်တယ်။ အခု နေတာက သမီးအကြီး ဒေါ်ထိန်လှနဲ့ နေပါတယ်။ အဘွားငယ်ငယ်က တောင်သူလုပ်ငန်း လုပ်ကိုင်တယ်။ ပြီးတော့ အရောင်းအဝယ်လည်း လုပ်တယ်။

အခုတော့ ကျန်းမာရေးက ကောင်းလည်းကောင်းတယ်။ ကောင်း လည်းမကောင်းဘူး။ ထမင်း အများ ကြီး မစားနိုင်ဘူး။ အသားမစားဘူး။ နန်းစိန်ကိတ်မုန့်ကို အိပ်ခါနီးတိုင်း စားတယ်။ ကောင်းတာတွေတော့ စားချင်တယ်'' ဟု ပြောသည်။

''ကျန်းမာလို့ ချမ်းသာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ ဆင်းရဲနဲ့ ငရဲကင်းပြီး ဝဋ်သုံးပါးမှာ လွတ်မြောက်ပြီး၊ ၁၁ ပါးသောမီးတွေ ကင်းငြိမ်းပြီး၊ သူတော်ကောင်းတရား ခုနစ်ပါး ပွားများအားထုတ်ပြီး ထကြွ ခြင်း၊ ပေါ့ပါးခြင်း၊ လျင်မြန်ခြင်း၊ ဇဝန ဥာဏ်ရပါစေ၊ ရှင်ဗာကုလ ရဟန်း ကဲ့သို့ အနာရောဂါကင်းရှင်းပြီး မဂ် ရောက် ဖိုလ်ဝင် နိဗ္ဗာန်တစ်ဖက် ကမ်း တက်လှမ်းနိုင်ပါစေ၊ ကိုယ်မှာ စောင့် ရှောက်နတ်များစွာ ဘေးကင်းလို့ ရန် ကင်းကြပါစေ၊ အဝေရာ ရန်မရှိသော သူဖြစ်ကြပါစေ၊ ခန္ဓာကိုယ်ကြီးမှ အနာခပ်သိမ်းကင်းငြိမ်းပါစေ၊ ဥပဒ် ခပ်သိမ်းကင်းငြိမ်းပါစေ၊ နှလုံးစိတ် ဝမ်းအေးချမ်းလို့ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ၊ မင်္ဂလာတရားတော်နဲ့ ပြည့်စုံလို့ အားလုံးကျန်းမာ ချမ်းသာ ကြပါစေ'' ဟု အဘွားလုံးက မေတ္တာ ပို့ဆုတောင်းကိုလည်း ဆိုပြသည်။

လယ်ဝေးမြို့နယ် ကြောင်ရေရွာ မှ အဘွား ဒေါ်မြညွန့်ကလည်း ''၁၂၇ဝ ပြည့်နှစ် ပထမဝါဆိုလဆန်း ၅ ရက်နေ့မွေးတယ်။ ကြာသပတေး သမီး။ အသက်က ၁ဝ၉ နှစ်ရှိပြီ။

ခုလိုအသက်ရှည်တာက ကုသိုလ် ကောင်းမှုတွေ လုပ်လို့ထင်ပါတယ်။ အရင်ဘဝကပြုခဲ့တဲ့ ကုသိုလ်တွေ ကြောင့် အခုဘဝ အသက်ရှည်တယ်။ အခုဘဝပြုတဲ့ကောင်းမှုတွေက နောင် ဘဝကျ ကောင်းတာတွေဖြစ်မှာပါ။ လှူဒါန်းရမှာလည်း သူလာမှ၊ ငါလာမှ လှူတာ ပုဂ္ဂလိကပဲ။ အဘွားကတော့ ဘယ်သူပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်နဲ့ သန္တိက အလှူပဲ လှူပါတယ်'' ဟု ပြောသည်။

''အိမ်ထောင်ကျတာက အသက် ၁၇ နှစ်လောက်ကပေါ့။ ခင်ပွန်း နာမည်က ဦးဆင့်၊ ခုတော့ မရှိတော့ ဘူးပေါ့။ လယ်ယာကိုင်းချောင်းပဲ လုပ်ကိုင်စားတယ်။ ခုတော့ ဘာမှ မလုပ်တော့ဘူး။ ကျန်းမာရေးကို အသက်ကြီးလာတော့ ပိုပိုဂရုစိုက် တယ်။ အသက်ကြီးလေ ဆင်ခြင် လေပဲ။ အစားအသောက်ကတော့ ထမင်းပဲစားတယ်။ ကျန်တာတွေ မကြိုက်ဘူး။ လက်ဖက်တော့ စား တယ်။

လပြည့်နေ့ဆို အဘွားဆီ ရွာထဲ က ဆွမ်းကန်တော့ကြတာ ၂ဝ ကျော် လောက်ရှိတယ်။ ရွာထဲမှာ အဘွားက အသက်အကြီးဆုံးဆိုတော့ လာ ကန်တော့ကြတယ်။ နှစ်ဆန်းတစ်ရက် နေ့မှာလည်း လာကန်တော့ကြတယ်။

အဘွားက ဘုရား တစ်နေ့ သုံးကြိမ် ကန်တော့တယ်။ ဘုရားရှိခိုး တိုင်း ငါးပါးသီလယူတယ်။ နံနက်ဆို လည်း ဘုရားကို ရေချမ်း၊ ပန်းကပ် တယ်။ ဆွမ်းတော်မတင်ရသေးဘဲ၊ ဆွမ်းမလောင်းရသေးဘဲ မစားဘူး။ ညနေဆိုရင် ဘုရားရေချမ်းကပ်တယ်။ မေတ္တာပို့၊ ပရိတ်ရွတ်တယ်။ ဘုန်းကြီး တွေဖတ်တဲ့ ကမ္မဝါကို အလွတ်ရ တယ်။ အလွတ်ဆိုတယ်။ အဲဒီလို ဘုရားရှိခိုး အမျှဝေပြီးမှ အိပ်တယ်။ အိပ်ရာလည်း ကိုယ့်ဘာသာခင်း အိပ်ရမှ ကြိုက်တယ်'' ဟု အဘွား ဒေါ်မြညွန့်က ပြောပြသည်။

သက်ကြီးရွယ်အို ဘိုးဘွားများ အတွက် အထီးကျန် ကျန်ရှိမနေရန် အိမ်တိုင်ရာရောက် ကူညီစောင့် ရှောက်ရေးလုပ်ငန်းများ၊ သက်ကြီး သူချင်း ကူညီစောင့်ရှောက်သူ အဖွဲ့ များရှိကြောင်း သိရှိရသည်။ ထို့အပြင် အသက် (၁ဝဝ)နှင့်အထက် သက် ကြီးရွယ်အို အဘိုးအဘွားများ အတွက် နိုင်ငံတော်သမ္မတက ဂုဏ်ပြု လွှာများနှင့် အထောက်အပံ့များကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ တစ်ဆင့် ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
 

No comments:

Post a Comment