Friday, January 2, 2015

ဗိုလ်ရှုသဘင်အခမ်းအနားနှင့် မြန်မာ့ဇာတိမာန်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြန်မာ့လွတ်လပ်ရေးနှင့်အတူ ရှင်သန်မွေးဖွားလာခဲ့သော ဗိုလ်ရှုသဘင်အခမ်းအနားသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သကဲ့သို့ ဇာတိသွေးဇာတိမာန်ကို နိုးကြားတက်ကြွစေသော အခမ်းအနားဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်သူလူထုအကြား လွတ်လပ်ရေးကိုထိန်းသိမ်းလိုသော စိတ်ဓာတ်များ၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ရှင်သန်တိုးပွားစေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ရှုသဘင်အခမ်းအနား ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်သော် ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ကျင်းပခဲ့ကြောင်း သိရှိရပေသည်။ ၁၉၄၈ ခုနှစ်မှစ၍ တော်လှန်ရေးကောင်စီမတိုင်မီ ၁၉၆၂ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်သမ္မတကြီး စဝ်ရွှေသိုက် (၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၁၉၅၂ ခုနှစ် မတ်လ ၁၂ ရက်အထိ)၊သမ္မတကြီး ဒေါက်တာဘဦး (၁၉၅၂ခုနှစ် မတ် ၁၂ ရက်မှ ၁၉၅၇ မတ် ၁၁ ရက်)နှင့်သမ္မတကြီးမန်းဝင်းမောင် (၁၉၅၇ ခုနှစ် မတ် ၁၁ ရက်မှ ၁၉၆၂ ခုနှစ် မတ် ၂ ရက်အထိ)တို့က သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြရာတွင် ၎င်းတို့၏သက်တမ်းကာလအတွင်း လွတ်လပ်ရေးနေ့နှင့် ဗိုလ်ရှုသဘင်အခမ်း အနားများကို ကျင်းပခဲ့ကြရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဂုဏ်ယူုအလေးအနက်ထားသောအားဖြင့် နိုင်ငံတော်သမ္မတကြီးအား မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံကချီတက် အလေးပြုခဲ့ကြပေသည်။

ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပရာသို့ နိုင်ငံတော်သမ္မတကြီး ကြွချီလာစဉ် အမြောက် ၃၁ ချက် ပစ်ဖောက်၍လည်းကောင်း၊ စည်တော်ရွမ်း၍လည်းကောင်း၊ လမ်းတစ်လျှောက် ပြည်သူအပေါင်းက သမ္မတကြီးသက်တော်ရာကျော်ရှည်ပါစေဟုဆိုကာ အလံငယ်များဝှေ့ယမ်း၍လည်းကောင်း ဂုဏ်ပြုခဲ့ကြပေသည်။ ထိုအချိန်တွင် ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပရာ ဝန်းကျင်၌ ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်များက မြေပြင်တွင်အမြောက်၊ သံချပ်ကာယန္တရားယာဉ်များဖြင့် ချီတက်အလေးပြုကြသကဲ့သို့ ဝေဟင်မှလည်း စစ်လေယာဉ်များဖြင့်ဝဲပျံလျက် ဂုဏ်ပြုခဲ့ကြပေသည်။

ဤသို့အားဖြင့် ဗိုလ်ရှုသဘင်အခမ်းအနားသည် မြိုင်မြိုင် ဆိုင်ဆိုင်ရှိလှပြီး မြင်ရသူအပေါင်းတို့ စိတ်နှလုံးတွင်ငါတို့နိုင်ငံ၊ ငါတို့လူမျိုးတန်ခိုးရှိသည်ဟူသော ဇာတိမာန်များရှင်သန်နိုးထ တက်ကြွစေပါသည်။ လွတ်လပ်ရေးကို တန်ဖိုးထားတတ်သော စိတ်ဓာတ်များ ကိန်းအောင်းပေါ်ပေါက်စေပါသည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးရပြီးသည့်နောက် လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို အလံတင်အခမ်းအနားကျင်းပခြင်း၊ ဗိုလ်ရှုသဘင်ကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုသဘင်ကို နေပြည်တော်၌ ပြန်လည်ကျင်းပမည်ဖြစ်ရာ ပြည်သူအပေါင်းတို့က လွတ်လပ်ရေးကို တန်ဖိုးထားမှုနှင့်အတူ ဇာတိသွေးဇာတိမာန် နိုးကြားထက်သန်ရေး မြှင့်တင်ပေးနိုင်တော့ မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment