Saturday, January 31, 2015

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထမြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နေ့လယ်စာစားပွဲကျင်းပ

 
 
 
 
နေပြည်တော် ဇန်နဝါရီ ၃ဝ

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထမြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နေ့လယ်စာ စားပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှစ်ပတ်လည်အထိမ်းအမှတ် မိန့်ခွန်းပြောကြား ရာတွင် ဒီမိုကရေစီတစ်ခေတ်ဆန်းလာသည့် ၂ဝ၁၁ ခုနှစ် ကစပြီး မိမိတို့လွှတ်တော်၏ကဏ္ဍကို ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် လေးနှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်စတင်ခေါ်ယူသည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပြည်ထောင်စု လွှတ်တော်နာယက၏ နှုတ်ခွန်းဆက်စကားအနေဖြင့် ဤလွှတ်တော်ကြီးသည် ဥပဒေပြုရေးအာဏာကို ပြည်သူ့ ထံမှရရှိထားသည့် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ လွှတ်တော်ကြီး၏ ဂုဏ်ဒြပ်သည်မြင့်မားကြောင်း၊ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်ရည်သည်လည်း မြင့်မားကြောင်း မိမိပြောကြားခဲ့ပါကြောင်း။

မိမိတို့အားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွှတ်တော်သမိုင်းကို ရေးကြရမည်ဖြစ်၍ နောင်လာနောက်သားများ အတုယူဖွယ်၊ ကိုးကား ဖွယ်ဖြစ်အောင် ဆောင်ရွက်ကြရန်လည်း မိမိအနေဖြင့် မကြာခဏ တိုက်တွန်းခဲ့ပါကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် လွှတ်တော်မှတ်တမ်း၌ အတိအကျ ကမ္ပည်းတင်ထားခြင်းဖြစ်သည့်အတွက် မိမိတို့အားလုံးသည် ကိုယ့်သမိုင်းကိုယ်ရေးနေကြခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသေးသည့် ပထမအကြိမ် လွှတ်တော်အသီးသီး၏ သက်တမ်းအတွင်း၌လည်း လွှတ်တော်၏ဂုဏ်ကို မြှင့်တင်နိုင်အောင်မြော်တွေးပြီး ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

လွှတ်တော်သက်တမ်း၏ နောက်ဆုံးနှစ်သည် လုပ်ငန်းဆောင်တာများ၏ အရှိန်အဟုန်အမြင့်ဆုံးဖြစ်သင့်သကဲ့သို့ လုပ်ငန်းများကို လက်စသိမ်းနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းကော်မတီများ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများသည် အချိန်ကိုက်လုပ်နိုင်ရန် လိုပါကြောင်း၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင် ရန် လွှတ်တော်များ ရပ်နားလိုက်သည့်ကာလတွင် လွှတ်တော်ဘက်ကြေ<ွကးကျန်မရှိသကဲ့သို့ အစိုးရဘက်ကြေ<ွကးကျန်လည်းမရှိအောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက် ခြင်းကို ယခုကစ၍ ဆောင်ရွက်ကြရန်သင့်ပြီဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အလိုက်သော်လည်း ကောင်း၊ ကော်မတီအလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း မိမိတို့ပြုလုပ်ဆောင်ရွက်ချက် ဟူသမျှကို ပြန်လည်သုံးသပ်ပြီး မှားယွင်းမှု၊ အားနည်းမှု များကို ပြုပြင်ကာ အကောင်းဆုံး အဆုံးသတ်နိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်ခဲ့ သည်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ဆိုလျှင် (၄) နှစ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၌ ဒီမိုကရေစီစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်မှာ လေးနှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့တစ်တွေလည်း အသက်(၄) နှစ် ပိုကြီးခဲ့ကြပြီး အတွေ့အကြုံနှင့် သင်ခန်းစာများလည်း လေးနှစ်စာပိုရခဲ့ကြပြီဖြစ်ပါကြောင်း။

ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်အစည်းအဝေး ကျင်းပမှုအနေဖြင့်လည်း ယခု (၁၂)ကြိမ်မြောက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ လွှတ်တော်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ ဒီမိုကရေစီစနစ် အကောင် အထည်ဖော်နိုင်မှုပြယုဂ်များ တိုးတက်ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

၂ဝ၁၁ ခုနှစ် လွှတ်တော်ပေါ်ပေါက်လာခြင်းနှင့်အတူ နိုင်ငံတော်အချုပ်အခြာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတို့သည် စနစ်တကျ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ (၃)ရပ်ကို အတတ်နိုင်ဆုံး ပိုင်းခြား သုံးစွဲပြီး အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ တိုးတက်ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို အကောင်အထည်ဖော် ဆောင်ရွက်ကြသည့်နေရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ဖြစ်ထွန်းစေမည့် ဥပဒေအသစ်များကို ပြဋ္ဌာန်းခြင်း ၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခု (၄) နှစ်တာကာလတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေအသစ် (၆၄) ခု၊ ပြင်ဆင်သည့် ဥပဒေ(၅၅) ခု နှင့် ပြန်လည်ရုပ်သိမ်းသည့် ဥပဒေ (၁၄) ခုတို့ကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ဝါယမစိုက်ထုတ် ကြိုးစားမှုများကြောင့် ပထမအကြိမ် လွှတ်တော်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံတော် ၏ ကဏ္ဍအလိုက် လိုအပ်လျက်ရှိနေသည့် ဥပဒေများကို ဦးစားပေးအလိုက် အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သည့် အတွက် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၌ များစွာအထောက်အပံ့ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သို့သော် လုပ်ဆောင်ချက်များစွာ ကျန်ရှိနေသေးသည်ကိုလည်း လက်ခံရမည်ဖြစ်ပါကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ အကျိုးကို လက်ငင်းအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာ၌ မိမိ၏နယ်မြေအလိုက် ပြည်ထောင်စုအစိုးရ နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးသည့် ပြည်သူများ အမှန်တကယ် လိုအပ်နေသော ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခွဲဝေဆောင်ရွက်ပေးခဲ့မှုအနေဖြင့် ၂ဝ၁၃ -၂ဝ၁၄ ခုနှစ်ဘဏ္ဍာရေးနှစ်၌ မြို့နယ် ၃၂၅ ခု အတွက် ကျပ် ၃၂၂ဝ၁ ဒသမ ၇၆ သန်း ခွင့်ပြုသုံးစွဲခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်၌ ယနေ့အထိ မြို့နယ် ၃၁၈ ခု အတွက် ကျပ် ၃၁၇၁၂ ဒသမ ၇၅ သန်း ခွင့်ပြု ပေးပြီးဖြစ်ပါကြောင်း။

ယင်းသို့ ကြိုးစားလုပ်ဆောင်ခဲ့မှုကြောင့် ယခုကျင်းပနေသည့် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်အတူ ပထမအကြိမ်သက်တမ်းကာလ လုပ်ဆောင် ချက်များအတွက် အဆုံးအဖြတ်ပေးမည့် ၂ဝ၁၅ ခုနှစ် အတွက် အဓိကကျသော ဦးဆောင်အစည်းအဝေးတစ်ခု ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ် ကျင့်သုံးအကောင်အထည်ဖော်သည့် နေရာ၌ ပြည်သူ့အုပ်ချုပ်ရေး ပီပြင်လာစေရန် ပြည်သူ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ မှန်ကန် သောစေတနာ၊ ဇွဲ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းအားထုတ်ခဲ့မှု ကြောင့် လေးနှစ်တာကာလတွင် ရလဒ်ကောင်းများ ပေါ်ထွက်လာပြီး အခြေခံကောင်းများထားရှိနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ကျန်ရှိသည့် လွှတ်တော်သက်တမ်း တစ်နှစ်တာကာလ၌လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြ လိမ့်မည်ဟု မျှော်လင့်တိုက်တွန်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment