Friday, January 30, 2015

သာမဏေစာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်း

Photo: သာမဏေစာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်း

မန္တလေး  ဇန်နဝါရီ  ၂၉

မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏(၆၆)ကြိမ်မြောက် သာမဏေစာအောင်လက်မှတ်ဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၃၅ လမ်းကြား ၈၅ လမ်းရှိ အဆိုပါအသင်းကြီးဗိမာန်တော်အလယ်ထပ်၌ ကျင်းပသည်။

အခမ်းအနားတွင်  စာအောင်သာမဏေ ၅၇၉ ပါးတို့အား တတိယဆင့်၊ ဒုတိယဆင့်၊ ပထမဆင့်အစဉ်အတိုင်း ပင့်ဆောင်တော်မူကြပြီး   ဦးကြည်ဝင်း(ဓမ္မာစရိယ၊ ကာရက)က  ဇယမင်္ဂလာဂါထာတော်ဖြင့်     စာအောင်သံဃာတော်များအား ပူဇော်ကာ  သာမဏေကျော်အောင်သုံးပါးတို့ကို  ၄င်းတို့၏ဆရာတော်များက ငါးမိနစ်စီ စာထောက်စာမေးမြန်းခြင်းပြု တော်မူကြသည်။ 

ယင်းနောက် တတိယဆင့်သာမဏေကျော် ၁၈ ပါးတို့၏  ဘွဲ့ပုံတော်လက်မှတ်များကို အသင်းဥက္ကဋ္ဌ ဦးရှမ်းကဆက်ကပ်သည်။ ထို့နောက်  ဒုတိယဆင့်နှင့်ပထမဆင့်သာမဏေကျော် အရှင်သူမြတ်တို့၏  ဘွဲ့ပုံတော်လက်မှတ်များကို   နာယကလူကြီးများ၊ အလုပ်အမှုဆောင်များက အစီအစဉ်အတိုင်း အလှည့်ကျဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။                             

တင်မောင်(မန္တလေး)

No comments:

Post a Comment