Friday, January 30, 2015

ဆောင်းခိုငှက်တို့ကျက်စားရာ ပလိပ်အင်းဒေသရေကျ၍ စိုက်ပျိုးရေးစတင်

Photo: ဆောင်းခိုငှက်တို့ကျက်စားရာ ပလိပ်အင်းဒေသရေကျ၍ စိုက်ပျိုးရေးစတင်

မန္တလေး       ဇန်နဝါရီ     ၂၉

ဘုရားစေတီပေါများမှုနှင့်ပတ်သက်ပြီး  ရှေးစာဆိုတစ်ခုရှိခဲ့ဖူးသည်။မြို့ပုဂံ၊ ရွာပလိပ်ဆိုသော စာဆိုပင်ဖြစ်သည်။ ပလိပ်တွင် ရှေးလက်ရာ စေတီ၊ ပုထိုးများစွာ လက်ရာမျိုးစုံ၊ ပုံစံမျိုးစုံကိုတွေ့မြင်နိုင်သည်။ ပလိပ်သည် ရှေးယခင် မြန်မာဘုရင်လက်ထက်က စည်ပင်ခဲ့သောဆိပ်ကမ်းရွာတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်းသိရသည်။ စည်ပင်ခဲ့သည့် ရွာကလေးဖြစ်သည့်အတိုင်း မြို့စားရွာပေးသည့်အစဉ်အလာတွင် ပလိပ်စားဆိုသည်ကိုပင် ပေးထားခဲ့သည်။ ပလိပ်ရွာစား ဦးဖျော်မှာနာမည်ကြီးခဲ့သည်။ ဦးဖျော်သည် မင်းဆရာဖြစ်ပြီး အင်းဝဆင်ဖြူရှင်၊ မြေဒူးမင်းလက်ထက်နှင့် စဥ့်ကူးမင်းလက်ထက်တွင် မင်းဆရာအဖြစ်မြှောက် စားခြင်းခံရပြီး စဥ့်ကူးမင်းလက်ထက်တွင် မင်းရာဇာဘွဲ့ဖြင့် ပလိပ်ရွာစားရသည်ဟု သိရသည်။

ပလိပ်တွင်မူလက စေတီပုထိုးအဆူပေါင်း ၅ဝဝ နီးပါးအထိရှိပြီး ပုဂံခေတ်မှသည် ရတနာပုံခေတ်အထိ မင်း၊ မှူးမတ်နှင့် သူဌေးသူကြွယ်များက ဆောက်လုပ်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ပလိပ်ဒေသတွင် လူသိများသောဘုရားတစ်ဆူမှာ ရတနာလာဘမုနိ မြွေဘုရားဟုခေါ်သည့် မြွေဘုရားပင်ဖြစ်သည်။ မြွေဘုရားဘေးတွင် ဆောင်းခိုငှက်တို့ကျက်စားရာ နာမည်ကျော်ပလိပ်အင်းတည်ရှိပြီး လက်ရှိတိုင်ဆောင်းခိုငှက်များကျက်စားဆဲ ပင်ဖြစ်သည်။ ပလိပ်အင်းသည် ရေတိမ်သဘာဝအင်းဖြစ်ပြီး ဒေသခံတို့ အားထားသောအင်းတစ်အင်းပင် ဖြစ်သည်။ အင်းအရှည် ၂ ဒသမ ၃ကီလိုမီတာနှင့် အကျယ် ၂ ဒသမ ၁ကီလိုမီတာ ကျယ်ဝန်းသည်။ မိုးရာသီတွင် မြစ်ငယ်မြစ်ရေနှင့် ဧရာဝတီ မြစ်ရေဝင်ပြီး  ဆောင်းရာသီနှင့် နွေရာသီတွင် ရေကျကာ တောင်သူများ စိုက်ပျိုးရေးပြုလုပ်သည့်အင်းဖြစ်ပြီး နုန်းတင်မြေနုပို့ချမှုကြောင့် စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်သည့်နေရာပင် ဖြစ်သည်။

ယခုအခါ ဆောင်းခိုငှက်တို့ ကျက်စားရာ ပလိပ်အင်းသည်ရေကျချိန်ဖြစ်သည့်အတွက်  တောင်သူတို့ စိုက်ပျိုးရေးများ ပြုလုပ်ရှိသည်။ ပလိပ်အင်းတွင် စပါးကို  အဓိကအားထားစိုက်ပျိုးပြီး သက်နုစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလေ့ရှိသည်။ ရေကောင်းမြေကောင်းနေရာဖြစ်သည်မို့ အခြားစိုက်ပျိုးသီးနှံဖြစ်သည့် ပန်းမုန်လာ၊ မုန်ညင်း၊ ဂေါ်ဖီထုပ်၊ ဖရဲ၊ သခွါးနှင့် အခြားခရမ်းချဉ်သီး၊ ခရမ်းသီးများကိုပါ တွဲဖက်စိုက်ပျိုးလျက်ရှိသည်။      (တိမ်တမန်)

No comments:

Post a Comment