Friday, January 30, 2015

အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်



 




 နေပြည်တော် ဇန်နဝါရီ ၂၉


စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် ''မဟာမဲခေါင်ဒေသခွဲအတွင်း သဘာဝအရင်းအမြစ်များသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စို့'' ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ ၂ဝ၁၁ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေး၌ မဟာမဲခေါင် ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများမှ အတည်ပြုခဲ့သည့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေသော၊ လျော့နည်းစေသော အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ အတွင်း (Rio+20) ရီယိုညီလာခံအပြီး နှစ် ၂ဝ အလွန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

အဆိုပါအစည်းအဝေးတွင် အစိုးရဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဦးဆောင်သူများမှ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် အဖြေရှာဖွေထုတ်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖိုးတန်သဘာဝအရင်း အမြစ်များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းကြောင့် နေပြည်တော် အရှေ့ဘက်ခြမ်းဆီမှ မြင်တွေ့ရသည့် သာယာလှပသည့် တောတောင်တန်းများ မပြောင်းလဲဘဲ ရေရှည်ဆက်လက် တည်ရှိနေသည် ဖြစ်ပါကြောင်း။

ထို့ပြင် မဲခေါင်မြစ်စီးဆင်းရာ ဒေသများအတွင်း မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ အဆိုပါ သဘာဝအဖိုးတန်အရင်းအမြစ်များသည် ဂေဟစနစ်ဝန်ဆောင် မှုများဖြစ်သည့် အစားအစာ၊ ရေ၊ လူနေမှုဘဝများ၊ ဆေးဖက်ဝင်အပင်များ၊ ဇီဝလောင်စာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်မှုများနှင့် ရာသီဥတု ပုံမှန်လည်ပတ်စေမှုအတွက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ သဘာဝအရင်း အမြစ်များသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးလျက်ရှိပြီး အဆိုပါစိန်ခေါ်မှုများသည် အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းများ ဆောင်ရွက်ခြင်း၊ သဘာဝတောရိုင်း တိရစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်း၊ သစ်တောသယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ လူဦးရေ အဆမတန်တိုးပွားလာခြင်း၊ သင့်တော်မှုမရှိသော ထုတ်လုပ်သုံးစွဲမှုပုံစံများ အသုံးပြုခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေးနှင့် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည် နည်းပါးမှုတို့ကြောင့်ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ပုဂံမြို့သည် ၉ ရာစု နှင့် ၁၃ ရာစုအတွင်းက တည်ထောင်ခဲ့သည့် ရှေးကျသည့် ဘုရင့်နိုင်ငံတော်ဖြစ်ပါကြောင်း၊ ပုဂံမြို့သည် နေပြည်တော်၏ အနောက်မြောက် ဘက်တွင်တည်ရှိပြီး စေတီပုထိုး ထောင်ပေါင်းများစွာ တည်ရှိပါကြောင်း၊ ဧရာဝတီမြစ်၏ အရှေ့ဘက် မြစ်ကမ်းနားမှာတည်ရှိပြီး ၁၆ စတုရန်းမိုင် ကျယ်ဝန်းပါကြောင်း၊ ပုဂံ မြို့၏ အနောက်ဘက်၌ ရခိုင်ရိုးမ တောင်တန်းများ ကာခြားထားမှုကြောင့် မုတ်သုံမိုးရရှိမှုနည်းပါးပြီး ခြောက်သွေ့ရခြင်းဖြစ်ကြောင်းကို အခြေခံပညာကျောင်းများရှိ ပထဝီဝင် ဘာသာရပ်မှာ ထည့်သွင်းသင်ကြားခဲ့ပါကြောင်း၊ ယခင်က ပုဂံမြို့နှင့် ၎င်းအနီးပတ်ဝန်းကျင်မှာ စိုစွတ်သော ရာသီဥတုနှင့် မြေသြဇာကောင်းမွန်သော မြေဆီလွှာများရှိကြောင်း သမိုင်းသုတေသီများမှ လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ သို့ရာတွင် အလွန်အကျွံ အုတ်ဖုတ်ခြင်းများကြောင့် ထင်းလောင်စာများစွာလိုအပ်၍ ပုဂံဒေသအနီးရှိ သစ်တောများပြုန်းတီးခဲ့ရပါကြောင်း။

အကျိုးဆက်အနေဖြင့် မိုးရေရရှိမှု လျော့နည်းလာကာ ခြောက်သွေ့ပူပြင်းလာပြီး ယနေ့အခါမှာ ပုဂံဒေသရှိ သစ်တောများနှင့် ကျားများပျောက်ကွယ်ခဲ့ရပါကြောင်း၊ ထို့ပြင် မိမိတို့ မွေးဖွားခဲ့သည့် ရှမ်းပြည်နယ်တွင် သစ်တောများ လျော့နည်းလာခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်ရှိ ဒေသများတွင် ကျားများပျောက်ကွယ်လာမှုသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ပျောက်ကွယ်လာခြင်းကို ညွှန်ပြနေပါကြောင်း။

ယနေ့ခေတ်တွင် သဘာဝသယံဇာတ အရင်းအမြစ်များ၊ သဘာဝသယံဇာတများ ပျက်စီးပျောက်ကွယ်နေသည့် နေရာများ များစွာရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင် ပျက်စီးမှုများ ပိုမိုဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အနေအထားအရ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ် လျက်ရှိပါကြောင်း။

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတများကို ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှု၊ ထိန်းသိမ်းကာကွယ်မှုများဖြင့် ဒေသခံအဖွဲ့အစည်းများ အားလုံးက ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်း (REDD+)အပါအဝင် ဂေဟစနစ်၏ ထောက်ပံ့ပေးခြင်းများကို စဉ်ဆက်မပြတ်ထောက်ပံ့ရန်၊ ကာဗွန်ဈေးကွက်များ ထိန်းသိမ်းရန်နှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအဝေး၌ မဟာမဲခေါင်ဒေသခွဲနိုင်ငံများသည် သယံဇာတအရင်း အမြစ်များ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ လူသားအရင်းအမြစ်ဆိုင်ရာ အရင်းအမြစ်ကို ရရှိစေခြင်းစသည့် အချက်များပါဝင်သည့် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ၏ ဒေသတွင်းရင်းနှီး မြှုပ်နှံမှု မူဘောင်အကောင်အထည်ဖော်မှု အစီအစဉ်(၂ဝ၁၄-၂ဝ၁၈) Regional Investment Framework- RIF Implementation Plan 2014-2018)ကို အလေးထားညှိနှိုင်းဆွေးနွေး ခဲ့ပါကြောင်း။

မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် အကောင်အထည်ဖော်မှု အစီအစဉ်များတွင် ကောင်းမွန်သောဆက်သွယ်မှု၊ ယှဉ်ပြိုင်မှုများနှင့် ကျန်းမာရေး၊ ပညာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် သင့်လျော်သော နည်းလမ်းများ ပါဝင်ပါကြောင်း၊ သဘာဝအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှု အကျိုးရှိစေရေးအတွက် ပြည်သူလူထုအား အသိပညာပေးရန်နှင့် မူဝါဒဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးရန်အပြင် ပုဂ္ဂလိကဆိုင်ရာ ပြည်သူလူထုပူးပေါင်းပါဝင်မှုအစီအစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ အရည်အသွေးများ ပိုမိုကြံ့ခိုင် လာစေရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများအကြား ကြိုးပမ်းအားထုတ်မှုများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ အထောက်အပံ့ပေးမှုများကြောင့် အခြေခံအချက်များ ချိတ်ဆက်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများ၏ ဝေးလံခေါင်ဖျားသော အရပ်ဒေသများ၌ ဆက်သွယ်မှုကောင်းမွန်စေရန် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပိုမိုကြိုးပမ်းဆောင်ရွက်ရန် ကျန်ရှိနေဆဲဖြစ်ပါကြောင်း။

ထို့ပြင် ရာသီဥတုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ အစားအစာ၊ စွမ်းအင်နှင့် ရေလုံလောက်စွာရရှိနိုင်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုစသည့် ကိစ္စရပ်များ၌ စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို အတူတကွ ပူးပေါင်းလုပ်ဆောင် သွားကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် James Nugent က အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေး၌ ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များသည် ဒေသတွင်းဆက်သွယ်မှုပိုမို ကောင်းမွန်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ ထို့ပြင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ၂ဝ၁၄-၂ဝ၁၈ ကာလသတ်မှတ်ချက်ထား၍ အမြင့်ဆုံးလုပ်ဆောင်သွားကြရန်နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများရှိ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖွံ့ဖြိုးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ ထို့ပြင်ဒေသတွင်းတွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကိုလည်း အတူတကွ ဖြေရှင်းသွားကြရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပဉ္စမအကြိမ်မြောက် မဟာမဲခေါင် ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သည် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ အမျိုးသားလွှတ်တော် သတ္တုနှင့်သယံဇာတရေးရာကော်မတီဥက္ကဋ္ဌ ဦးလှဆွေ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဖွံ့ဖြိုးမိတ်ဖက်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment