Friday, January 30, 2015

နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ဆေးကုသမှုပေးနိုင်ရန် ဆေးကုသစရိတ် ကျပ်(၃၇)ဘီလီယံ လျာထား

Photo: ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ဆေးကုသမှုပေးနိုင်ရန် ဆေးကုသစရိတ် ကျပ်(၃၇)ဘီလီယံ လျာထား

နေပြည်တော်   ဇန်နဝါရီ     ၂၉

ပထမအကြိမ်  ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို  ယနေ့ မွန်းလွဲ ၁  နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် ''၂ဝ၁၅-၂ဝ၁၆ ခု၊  ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း'' တို့နှင့်စပ်လျဉ်း၍  ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ရှင်းလင်း တင်ပြကြသည်။

ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းအောင်က ဝန်ကြီးဌာနအနေဖြင့် သာမန်အသုံး စရိတ် (၄ဝ၇ ဒသမ ၅)ဘီလီယံ၊ ငွေလုံးငွေရင်း (၃၄၉ ဒသမ ၉)ဘီလီယံ စုစုပေါင်း (၇၅၇ ဒသမ ၄)ဘီလီယံ တင်ပြထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်းရန်ပုံ ငွေ၏ သုံးပုံနှစ်ပုံကို ပြည်သူများအား ဆေးဝါးကုသရေးအတွက် လျာထားပါကြောင်း၊ ဆေးရုံဆေးခန်းကို တိုက်ရိုက်တာဝန်ခံသည့် ကုသရေး ဦးစီးဌာန၏ အသုံးစရိတ်ကိုကြည့်မည်ဆိုလျှင် လစာစရိတ်စသည့် Operating Cost သည် ၂ဝ ရာခိုင်နှုန်း၊ ဆေးဝါးများထောက်ပံ့ရန်အတွက် ၂၈ရာခိုင်နှုန်း၊ ကုသမှုအတွက် စက်ပစ္စည်းများဝယ်ယူရန် ၂ဝ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံသည့် အဆောက်အအုံများတိုးချဲ့ရန်  ၃၃  ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ပါကြောင်း။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ကျန်းမာရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေများ တင်ပြတောင်းခံရာတွင် အထူးအစီအစဉ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ဆေးကုသမှုပေးနိုင်ရန် ငွေစာရင်းခေါင်းစဉ် ဝ၃၁၆ ဆေးကုသစရိတ်သည် ကျပ် (၃၇) ဘီလီယံလျာထားပါကြောင်း၊ ဝန်ထမ်းအင်အား (၉)သိန်းကျော်ကို ပျမ်းမျှ လေးသောင်းနှုန်းဖြင့် တွက်ချက်တင်ပြထားပါကြောင်း၊ ဆေးကုသပေးရာတွင် ပြည်သူများကို အခမဲ့ဆောင်ရွက်ပေးသည့် Basic Package အပြင် ထပ်ဆောင်းအစီအစဉ် Benefit   Package များ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်သည့်လုပ်ထုံး လုပ်နည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးတင်မြင့်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများ တွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ ဘဏ္ဍာငွေအရအသုံးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် သာမန်ရငွေ ကျပ်(ဝ ဒသမ ဝ၅ဝ)သန်း၊ သာမန်အသုံးစရိတ်ကျပ် (၇၇၄ ဒသမ ၉၇ဝ)သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် (၄ ဒသမ ၄ဝဝ)သန်းဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လုပ်ငန်းစဉ်(၆)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုတွင် ငွေလုံးငွေရင်းအသုံးစရိတ်စုစုပေါင်းသည် ကျပ် (၄၄ ဒသမ ဝ၄၉)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးအသုံးစရိတ် ကျပ်(၃၃ ဒသမ ၇၁၃) ဘီလီယံ၊ စက်နှင့်စက်ပစ္စည်းအသုံးစရိတ် ကျပ် (၈ ဒသမ ၂ဝ၉) ဘီလီယံ၊ အခြားအသုံးစရိတ် ကျပ် (၂ ဒသမ ၁၂၆)ဘီလီယံဖြင့် လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ရငွေများအပိုင်းတွင် သာမန်ရငွေ၌  အခွန်လေးမျိုးကောက်ခံရရှိမှုမှ ရငွေကျပ် (၉၂၃ ဒသမ ၈၄၂)သန်းနှင့် သာမန် ရငွေကျပ် (၁၆ ဒသမ ဝ၃၂)ဘီလီယံ၊ စုစုပေါင်း ရငွေကျပ် (၁၆ ဒသမ ၉၅၅)ဘီလီယံ လျာထားခြင်းဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်းရငွေအနေဖြင့် လျာထားချက်မရှိပါကြောင်း။

သုံးငွေများအပိုင်းတွင် သာမန်အသုံးစရိတ် လျာထားငွေကျပ် (၂၄၁ ဒသမ ၉၆၈)ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် လျာထားငွေကျပ် (၄၄ ဒသမ ဝ၄၉) ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်တွင် မီးသတ်ဦးစီးဌာန အတွက် ကျပ်(၃၂ ဒသမ ၈ဝ၃)သန်း တို့ကို လျာထားခြင်းဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက သာသနာရေးဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း စာရင်းချုပ်အနေဖြင့်  ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်စသည့် ဌာနကြီးလေးခုအတွက် သာမန်အသုံးစရိတ်လျာထားချက် ကျပ်(၁၂၈၁ဝ ဒသမ ၆၁၁)သန်းဖြစ်ပြီး  ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် ကျပ် (၁၅၆၅ ဒသမ ၄၉၆)သန်းဖြစ်ပါကြောင်း၊ ကြွေးမြီ အသုံးစရိတ်မရှိပါကြောင်း၊ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက် စုစုပေါင်းကျပ် (၁၄၃၇၆ ဒသမ ၁ဝ၇)သန်း ဖြစ်ပါကြောင်း။

၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ဘဏ္ဍာရေး ကော်မရှင်၏ စိစစ်ချက်ဖြင့် ဝန်ကြီးဌာနအတွက် အမှန်တကယ်သုံးစွဲမည့် လျာထားချက်ကိုသာ တင်ပြခြင်းဖြစ်ပါ၍   ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။          (သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

No comments:

Post a Comment