Thursday, January 1, 2015

ပါလက်စတိုင်းဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ ပယ်ချ








နယူးယောက် ဒီဇင်ဘာ ၃၁


အစ္စရေးနိုင်ငံက ပါလက်စတိုင်းနယ်မြေများ သိမ်းပိုက်ထားမှု သုံးနှစ်အတွင်း အဆုံးသတ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယနေ့ပယ်ချလိုက်သည်။

ဂျော်ဒန်နိုင်ငံက အာရပ် ၂၂ နိုင်ငံနှင့်လည်းကောင်း၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်လည်းကောင်း သဘောတူညီမှုရယူပြီးနောက် အဆိုပါအဆိုပြုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျ နိုင်ငံတို့က ကန့်ကွက်မဲပေးကြပြီး အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နှစ်နိုင်ငံက ထောက်ခံမဲပေးခဲ့ကြသည်။

အစ္စရေးနိုင်ငံက ''လှည့်ကွက်'' တစ်ခုသာဖြစ်သည်ဟု ရှုတ်ချသော ယင်းဆုံးဖြတ်ချက်ကို အတည်ပြုရန်အတွက် အနည်းဆုံး အဖွဲ့ဝင်ကိုးနိုင်ငံ၏ ထောက်ခံမှုလိုအပ်သည်။

ယခုမအောင်မြင်မှုသည် နောက်ထပ်ခြေလှမ်းများ နှင့် ညှိနှိုင်းဆွေးနွေးပွဲအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျော်ဒန်သံအမတ်ကြီး ဒီနာဝါကာက ပြောသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ရုရှား၊ တရုတ်၊ ပြင်သစ်၊ အာဂျင်တီးနား၊ ချက်၊ ချီလီ၊ ဂျော်ဒန်နှင့် လူဇင်ဘတ်တို့က ထောက်ခံမဲ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့က ကန့်ကွက် မဲပေးခဲ့ကြပြီး ဗြိတိန်၊ လစ်သူယေးနီးယား၊ တောင်ကိုရီးယားနှင့် ရဝမ်ဒါနိုင်ငံတို့က မဲမပေးဘဲ နေခဲ့ကြသည်။

ယင်းအဆိုပြုချက်တွင် ပထမအနေဖြင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်တွင် သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများမှ အစ္စရေးတို့ လုံးဝဆုတ်ခွာပေးရေး၊ ဒုတိယအနေဖြင့် တစ်နှစ်အတွင်း ပြီးပြည့်စုံသော ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရေးတို့ကို တောင်းဆိုထားသည်။

၁၉၆၇ ခုနှစ် စစ်ပွဲတွင် အစ္စရေးနိုင်ငံက ဂါဇာ ကမ်းမြောင်ဒေသ၊ အရှေ့ဂျေရုဆလင်နှင့် အနောက်ဘက် ကမ်းတို့ကို သိမ်းယူခြင်းမပြုမီက ရှိနှင့်ပြီးဖြစ်သော နယ်နိမိတ်ကို အခြေခံ၍ နိုင်ငံထူထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်တစ်ခု ကျင်းပရန်လည်း တောင်းဆိုသည်။

ဘီဘီစီ။

No comments:

Post a Comment