Thursday, January 1, 2015

တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်



 


ရန်ကုန် ဒီဇင်ဘာ ၃၁

ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်မြဝတီခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ဝ ရက် မွန်းတည့် ၁၂ နာရီတွင် ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ကော့ကရိတ်တပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမိုးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ၂ဝ၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အသိပေးရှင်းလင်းရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပရပြီး ပထမအကြိမ်လွှတ်တော်များ၏ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် ၁ဝ လခန့်သာလိုတော့ကြောင်း၊ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ CSO များ၊ မီဒီယာများနှင့်ပြည် သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများတွင် မဲပေးနိုင်ရန်အတွက် မိမိအမည်မဲစာရင်းတွင်ပါရှိရန်မှာ အခြေခံအကျဆုံးလိုအပ်ချက် ဖြစ်ကြောင်း၊ မဲစာရင်းကပ်ချိန်သွား ရောက်ကြည့်ရှုရန်လိုအပ်ပြီး ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရန် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲတွင် မိမိဆန္ဒပြုသောမဲသည် ပယ်မဲမဖြစ်စေ ရေးအတွက်လည်း ဂရုပြုဆောင်ရွက် သွားရမည်ဖြစ်ပြီး မဲဆန္ဒရှင်ပညာပေး ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ ပြုလုပ်ပေးရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း၊ တိုင်းရင်းသား လူမျိုးဖြစ်ပြီး ရပ်ရွာတွင်အမှန်တကယ် နေထိုင်ကြောင်း သက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ ထောက်ခံပါက မဲစာရင်းတွင် ထည့်ပေးရေးဆောင်ရွက်ထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ တာဝန် ၁၃ ရပ်ရှိသော်လည်း အနှစ်ချုပ်လိုက်လျှင် အဓိကတာဝန် သုံးခုသာရှိကြောင်း၊ (၁) လွှတ်တော်အသီးသီးအတွက် လွတ်လပ်၍ တရားမျှတသောရွေး ကောက်ပွဲများအောင်မြင်စွာကျင်းပ ပေးခြင်း၊ (၂) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက် ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း၊ (၃)နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ် စေခြင်းတို့ဖြစ်ကြောင်း၊ ကြိုတင်မဲကိစ္စ ရပ်များနှင့်စပ်လျဉ်း၍လည်း ပွင့်လင်းမြင်သာစွာ၊ တရားမျှတစွာဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေကို သေချာစွာလေ့လာရန်၊ လိုက်နာရန် နှင့် ဥပဒေ၏ အကာအကွယ်ကို ရယူ ရန် တိုက်တွန်းလိုကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်တွင်း/ပြည်ပမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ပြီး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအား ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှတ်ကျောက်တင် သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် ပြည်သူများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊Observer များနှင့် မီဒီယာများ အနေဖြင့်လည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့်လည်း မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူကရင်ပြည်နယ် မြဝတီမြို့ ချစ်ကြည်ရေးတံတားနှင့် အမှတ်(၄)ရပ်ကွက်ရှိ ရွှေမြင်းဝန်ဘုရားသို့ သွားရောက်ခဲ့ ပြီး ရွှေမြင်းဝန်ဘုရားတွင် ပန်း၊ ဆီမီး ဆက်ကပ်ပူဇော်ပြီး အလှူငွေများ လှူဒါန်းခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် မြဝတီမြို့ အေးချမ်းဖြိုး ရိပ်သာတွင်KNU တပ်မဟာ (၇)မှ ဦးစောဖောဒို၊ KNU/KNLA(PC) မှ ဦးစောရင်နု၊ ဦးစောနေစိုးမြ DKBA ကလိုထူးဖောတပ်ဖွဲ့မှ ဦးစောမိုရှေး၊ ဦးစတီး၊ ဦးထွန်းထွန်းတို့နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် မြဝတီမြို့မှ ပြန်လည် ထွက်ခွာလာရာ မြဝတီနှင့် ကော့ကရိတ်ကြားရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် မြဝတီစက်မှုဇုန်တို့အား ဝင်ရောက်ကြည့်ရှုပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် စက်မှုဇုန်အတွင်း စက်ရုံများ တည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင် ပြကြသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေသို့ ရောက်ရှိပြီး ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တကဝိဓဇအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောက်ကလပ် စေတီတော်သို့ သွားရောက်ကာ ပန်း၊ ဆီမီး၊ ရေချမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment