Saturday, January 3, 2015

ရှမ်းပြည်နယ်အတွင်း၌ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်



 


နေပြည်တော် ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက စိုင်းကျော်ညွန့် ဦးဆောင်သော မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ရှမ်းတိုင်းရင်းသား အင်အား ၁ဝ၇ဝ ဖြင့်လည်းကောင်း၊ တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဦးခွန်တင်ထွဋ် ဦးဆောင်၍ ဒေသခံတိုင်းရင်းသား အင်အား ၂ဝဝဝ ခန့်ဖြင့်လည်းကောင်း၊ နမ့်ဆန်မြို့တွင် လူထုကိုယ်စားလှယ် ဦးဘသောင်းခေါင်းဆောင်၍ ပလောင်တိုင်းရင်းသားအင်အား ၁၁ဝဝ ခန့်တို့ကလည်းကောင်း တောင်းဆိုချက်များ ပါဝင်သော လက်ကိုင်ပိုစတာများကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရက အောင်မြင်သည်အထိ ဖော်ဆောင်ပေးရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကို အစိုးရကအမြန်ဆုံး ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများအရေး အစိုးရက ဦးဆောင်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် တိုင်းရင်းသား အားလုံးပါဝင်ရေး၊ ခြောက်ပွင့်ဆိုင် အလိုမရှိ၊ တောင်းဆိုချက်များ အမြန်ဆုံးအကောင်အထည်ဖော်ပေးရေးတို့ကို နိုင်ငံတော်အစိုးရသို့ အသိပေးလိုသည့်အတွက် သက်ဆိုင်ရာ၏ ကြိုတင်ခွင့်ပြုချက်ရယူကာ ယခုကဲ့သို့ မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန် ခရိုင် ဟိုပန်မြို့ မြို့မရပ်ကွက်တွင် ဦးအောင်စိုးမင်းနှင့် ဦးအေးမြင့်ကျော်တို့ ဦးဆောင်၍ ဒေသတွင်းနေ ပြည်သူ ၂ဝဝဝ ခန့်သည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်ပြီးဆုံးသည်အထိ အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများကို အစိုးရက အမြန်ဆုံးဆောင် ရွက်ပေးရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လိုလားတောင်းဆို ချက်များကို ဥပဒေများပြဋ္ဌာန်း ဆောင်ရွက်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တိုင်းရင်းသားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး၊ တောင်းဆိုချက်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး စသည့်အချက် (၅)ချက်ပါဝင်သော တောင်းဆိုချက်များဖြင့် စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ဆန္ဒထုတ်ဖော်ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်မှု အခြေအနေများကို ဦးအေးမြင့်ကျော်ကလည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေများကို ဦးသက်တင်ကလည်းကောင်း၊ တိုင်းရင်းသားရေးရာကိစ္စအခြေအနေများကို ဦးစောညွန့်ကလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစိုင်းလူကလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူ ၂ဝဝဝ ကျော်ခန့်က ကြွေးကြော်သံများဖြင့် ထောက်ခံခဲ့ကြသည်။

ထိုနည်းတူ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက် ကိုင်ခရိုင် လောက်ကိုင်မြို့နယ်ရှိ ကိုးကန့်တိုင်းရင်းသား အင်အား ၁၇ဝဝ ကျော်ခန့်သည် ဦးအောင်နိုင် (ခ)အားချန် ဦးဆောင်၍ အမှတ် (၂) ရပ်ကွက်ရှိ ကိုးကန့်ဘာသာ အလယ်တန်းကျောင်း၌ စုဝေးပြီး တောင်းဆိုချက် (၆)ချက်ပါဝင်သည့် မြန်မာ-ကိုးကန့်နှစ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်၊ လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သက်ဆိုင်ရာ၏ ကြိုတင်ခွင့်ပြုချက် ရယူကာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်ပြီးဆုံး သည်အထိ အမြန်ဆုံးဆောင်ရွက်ပေးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကို အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လိုလားတောင်းဆိုချက်များကို အစိုးရက ဦးဆောင်ဖြေရှင်းပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး၊ ခြောက်ပွင့်ဆိုင် အလို မရှိ၊ တောင်းဆိုချက်များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးရေးတို့ကို နိုင်ငံတော်အစိုးရသို့ အသိပေးလိုသည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment