Saturday, January 3, 2015

အရည်အချင်းမြင့်မားသော စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်အသစ်များ ပြုစုပျိုးထောင်ပေးရမည်ဖြစ်



 


နေပြည်တော် ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရသေ့တောင်မြို့၊ စစ်တွေမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ သံတွဲမြို့များသို့ သွားရောက်ပြီး အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီက ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပညာရေးဖောင်ဒေးရှင်းများအား အလှူငွေနှင့် ဗလာစာအုပ်များလှူဒါန်းခြင်း အကူအညီ လိုအပ်လျက်ရှိသူများအား အနွေးစောင်များ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၃ဝ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ် မေယုခန်းမ၌ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီမှ ဆားငန်ရေဝင်ရောက်သည့် ကျေးရွာများအတွက် လှူဒါန်းငွေကျပ် သိန်း ၂ဝဝ၊ တန်ဖိုးငွေကျပ် ၃၆ သိန်းရှိ ဆိုလာမီးအိမ် ၇၂ လုံးတို့ကို ကော်မတီ ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ဦးခင်မောင်လတ်တို့အား ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ အမှာစကားပြောကြားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် ငွေကျပ်သိန်း ၆ဝ နှင့် ဗလာစာအုပ်ဒါဇင် ၆ဝဝ၊ ငခူတောင်ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန် ငွေကျပ်သိန်း ၁ဝဝ၊ မောင်တောမြို့ရှင်အပါး ၅ဝဝ အလှူတော်မင်္ဂလာအတွက် ငွေကျပ်သိန်း ၁ဝဝ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအတွက် ငွေကျပ်သိန်း ၅ဝ နှင့် အကူအညီလိုအပ်လျက်ရှိသူများအတွက် အနွေးစောင် ၁၈၉၅၇ ထည်တို့ကို ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ဦးဖေသောင်းတို့က ပေးအပ်လှူဒါန်းကြသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ထွက်ခွာကာ ရှစ်သောင်းပုထိုးတော်ကြီးကို ဖူးမြော်ကြည်ညိုပြီး အလှူငွေကျပ် ၁ဝ သိန်း ပေးအပ်လှူဒါန်းသည်။ ထို့နောက် မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့ သွားရောက်ပြီး အလိုတော်ပြည့်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသ ဦးဆောင်ကာ ပြည်တွင်းပြည်ပ ဆေးပညာရှင်များဖြင့် အခမဲ့ဆေးကုသမှုအခမ်းအနားသို့ တက်ရောက်ပြီး အလိုတော်ပြည့်ဆရာတော်နှင့်အတူ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် အလိုတော်ပြည့် ဆရာတော်၏ သြဝါဒကိုခံယူပြီး ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားပြောကြား၍ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီမှ လှူဒါန်းသည့် အလိုတော်ပြည့်ကျောင်းအတွက် ငွေကျပ်သိန်း ၁ဝဝ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် ငွေကျပ်သိန်း ၅ဝ ကို ဒေါက်တာခင်ရွှေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်တို့က ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့သည် ကျောက်တော်မြို့သို့ ထွက်ခွာကာ မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုပြီး အလှူငွေကျပ် သိန်း ၂ဝ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဘုရားတန်ဆောင်းအတွင်း မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်(ခ)ဦးအောင်ကျော်ဦးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အတွက်နှင့် ကျောက်တော်မြို့နယ် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကူညီမှု အသင်းအတွက် ငွေကျပ် သိန်း ၅ဝ စီတို့ကို ပေးအပ်လှူဒါန်းသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ် မကျည်းကျွန်းသို့ သွားရောက်ပြီး ၁၁ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဣန္ဒပါလတည်ထားသော တိပိဋက ဥာတိ သင်္ဂဟစေတီတော်ထီးတော်တင်လှူပွဲသို့ တက်ရောက်လှူဒါန်းသည်။

ယင်းနောက် သံတွဲမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သံတွဲမြို့နယ် ပညာသင်ထောက်ပံ့ကူညီမှု အသင်းအတွက် ငွေကျပ်သိန်း ၁ဝဝ၊ ရက္ခိတသွေးလှူရှင်အသင်းအတွက် ငွေကျပ် သိန်း ၂ဝ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် ငွေကျပ်သိန်း ၅ဝနှင့် အနွေးစောင်များကို ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်တို့က ပေးအပ်လှူဒါန်းကြသည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနက ငပလီမြို့သစ်အတွက်ပေးပို့သောမီးသတ်ယာဉ်နှစ်စီးကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ လွှဲပြောင်းပေးအပ်ပြီး မီးသတ်ကားများက စွမ်းရည်ပြသကြသည်။

အဆိုပါအခမ်းအနားများ၌ ဦးခင်အောင်မြင့်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခုအခါ ရခိုင်ပြည်နယ်တွင် လျှပ်စစ်စွမ်းအား ရရှိသင့်သလောက်ရရှိလာ ပြီဖြစ်ကြောင်း၊ ယခင်ကာလတစ်ခု၌ ''လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့''ဆိုသော ဆောင်ပုဒ်တစ်ခုရှိခဲ့ကြောင်း၊ လောကနိဗ္ဗာန်ဖြစ်ဖို့အတွက် အခြေခံအားဖြင့် တည်ငြိမ်းအေးချမ်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ လူနေမှုဘဝမြင့်မားခြင်းတို့ ဖြစ်ပေါ်ဖို့လိုကြောင်း၊ လျှပ်စစ်စွမ်းအားကို တစ်နိုင်ငံလုံး လုံလုံလောက်လောက်ရရှိ သုံးစွဲနိုင်စေရန် ပြည်ထောင်စုအစိုးရက ကြိုးပမ်းဆဲ အခြေအနေတွင် မိမိတို့ပြည်နယ်အတွက် ရရှိသည့်စွမ်းအားကို အကျိုးရှိရှိ အသုံးပြုဖို့လိုအပ်ကြောင်း၊ ယခုအချိန်တွင် လူမှုရေးအဆင့်အတန်းမြင့်မားရေးထက် စီးပွားရေးအရ အကျိုးရှိမှုအတွက်ကိုပါ ခွဲဝေသုံးစွဲသင့်သည်ကို ပြည်သူတိုင်းက Óဏ်နှင့် ယှဉ်စေလိုကြောင်း၊ ရခိုင်ပြည်နယ်သည် စီးပွားရေးဦးမော့ရန် အခွင့် အရေးများရရှိလာနေပြီဖြစ်ကြောင်း၊ ဤနေရာတွင် ပြည်တော်သာခေတ်ကဆောင်ပုဒ် တစ်ခုဖြစ်သော ''လူသစ်တည်၍ ပြည်သစ်ဆောက်အံ့''ဆောင်ပုဒ်ကိုပင် ရည်ညွှန်းလိုကြောင်း၊ အဓိပ္ပာယ်မှာ ရခိုင်ပြည်နယ်ကို ကြီးပွားဖွံ့ဖြိုးသော ပြည်နယ်သစ်အဖြစ် တည်ဆောက်ရန်အရည်အချင်းမြင့်မားသောစွမ်းရည်ပြည့်ဝသည့် လူသားအရင်း အမြစ်အသစ်များ ပေါ်ပေါက်လာရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်စီးပွားတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ နည်းလမ်းများကိုသာ နမူနာယူ၍မဖြစ်ကြောင်း ရခိုင်ပြည်နယ် ၏ မြေအသုံးချမှု၊ လူသားအရင်းအမြစ်တစ်ဦးချင်းစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခြေခံအဆောက်အအုံများ၊ သတင်းနှင့် ဆက်သွယ်ရေးအခြေခံများ ကို ဇယားချ၍ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ပြီး ရခိုင်နည်းလမ်း၊ ရခိုင်ပုံစံတစ်ခုကို ဖော်ထုတ်ဖို့လိုကြောင်း၊ ထိုသို့ဖော်ထုတ်ကျင့်သုံးရာ၌ ပြည်နယ် တစ်ခုတည်းအတွင်း၌ပင် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့အတွက် ပုံစံငယ်များထပ်မံပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းက ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်အလုပ်ကို မနားမနေလုပ်ကိုင်ရန် စိတ်ဓာတ်ပိုင်းဆိုင်ရာပြုပြင်မှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ အချို့ကမူ ကိုယ်ပိုင်အရင်းအနှီးမရှိသော်လည်း လူသားစွမ်းရည်ရှိသဖြင့် အစုရှယ်ယာထည့်ဝင်သူများ ရှိလာ၍ လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်ကြကြောင်း၊ ထို့ပြင် ဈေးကွက်ကိုရှာတတ်ဖို့လိုကြောင်း၊ အိမ်နီးချင်း နိုင်ငံရှိ ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးမှ စိုက်ပျိုးခြင်း၊ ကုန်ထုတ်လုပ်ခြင်းတို့ကို ပြုလုပ်ပြီးရောင်းဝယ်ဖောက်ကားရမည်ဖြစ်ကြောင်း၊ မိမိကပင်ပင်ပန်းပန်း ထုတ်လုပ်ထားသောထွက်ကုန်ပေါ်တွင် မိမိထက် ပွဲစားက ပိုမြတ်သွားခြင်းမျိုး မဖြစ်စေရန်လည်းလိုကြောင်း၊ အရင်းအနှီးရရှိရေးနှင့်ပွဲစားအတွက်မဖြစ်ရေး တို့အတွက် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဖြေကို ရှာလျှင် သမဝါယမစနစ်သည် လက်ရှိအခြေအနေနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း၊ အကောင်အထည်ဖော်သည့် ပုဂ္ဂိုလ်များ၏ စီးပွားရေးအမြင်လုပ်ရည်ကိုင်ရည်နှင့် ရိုးသားဖြောင့်မတ်မှုအပေါ်များစွာ မူတည်ကြောင်း၊ နိဂုံးချုပ်အနေဖြင့်ပြောကြား လိုသည်မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ယနေ့ကျောင်းနေ အရွယ် ကလေးများမှစ၍ ပြုစုပျိုးထောင်ပါက ယင်းသို့ သင်ကြားမှုပြီးဆုံးချိန်သည် ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ချိန်ပင်ဖြစ်ကြောင်း၊ ဘာပဲလုပ်လုပ် အနာဂတ်အတွက် ရေရှည်အကျိုးကိုမျှော်ကိုး၍ လုပ်ကိုင်ကြဖို့လိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment