Thursday, January 29, 2015

မဒဲကျွန်းရေနံတင်ဆိပ်ကမ်းအကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦးစတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းကြီးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်



 


ရန်ကုန် ဇန်နဝါရီ ၂၈

 အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း အကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

မဒဲကျွန်းရေနံတင်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်း လုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် ဦးအေးမြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးံH.E. Mr. Yang HouLan၊ ဌာနဆိုင်ရာအကြီးအကဲများ၊ China National Petroleum Corporation (CNPC) ဥက္ကဋ္ဌMr. Laio Yongyuan နှင့် အဖွဲ့ဝင်များ၊ South East Asia Pipeline ဥက္ကဋ္ဌ Mr.Jiang Chang - liang နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း (South East Asia Pipeline ) တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် မဒဲကျွန်းရေနံတင်ဆိပ်ကမ်းသည် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံတင်သင်္ဘောကြီးများဖြင့် ရောက်ရှိလာမည့် ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် ရေနံချခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရေနံတင်ဆိပ်ကမ်းကြီးတွင် လုပ်ငန်းခွဲများအနေဖြင့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ခြင်း၊Work Boat Wharf တည်ဆောက်ခြင်း၊ ရေနံသိုလှောင်ကန် (၁၂)လုံး တည်ဆောက်ခြင်း၊ စီမံကိန်း အဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းများ ပါဝင်ပြီး ၂ဝ၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် အဓိကလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း။

အဆိုပါ စီမံကိန်းအရ မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းမှ ရေနံစိမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်ရန်နှင့် ပြည်တွင်း၌ သုံးစွဲရန် ရည်ရွယ် ၍ အချင်း ၃၂ လက်မ ၊ အရှည် ၇၇၁ ကီလိုမီတာခန့်ရှိ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို တည်ဆောက်ခဲ့ပြီး ရခိုင်ပြည်နယ် မဒဲကျွန်းမှစတင်ကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၄)ခုကို ဖြတ်သန်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နမ့်ခမ်းမြို့အထိ ဆက်သွယ်တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း။

မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက် လိုင်းနှင့်ပူးပေါင်း၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီးမတည် တည်ဆောက်ခဲ့ပြီး နိုင်ငံတော် မှ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝ၄ ဘီလီယံ ပါဝင်ခဲ့ ကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် စီမံကိန်းကာလမှာ နှစ် ၃ဝ ကြာမြင့် မည်ဖြစ်ကာ နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်တွင်းသုံးစွဲမှုအတွက် ခွဲဝေပို့လွှတ်သွားမည်ဖြစ်ကြောင်း။

မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်တည်ဆောက်သည့် နိုင်ငံတကာ အဆင့်မီ ရေနံတင်ဆိပ်ကမ်းကြီး တစ်ခုဖြစ်ကာ ဆိပ်ခံတံတားအရှည် ၄၈ဝ မီတာရှိပြီး၊ ရေနံတန်ချိန် သုံးသိန်းခန့်အထိ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ် နိုင်မည့် ရေနံတင်ဆိပ်ကမ်းဖြစ် ကြောင်း၊ ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုနှင့်အတူ အမြင့် ၇၅ ပေ ရှိပြီး ဂါလံ ၂၂ သန်းခန့် ဝင်ဆံ့သည့် ရေနံသိုလှောင်ကန် ၁၂ လုံးကို ပူးတွဲ တည်ဆောက်ထားပြီးဖြစ်ကြောင်း။

ထို့ပြင် တန်ချိန် ၅ဝဝဝ ဆံ့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အရှည် ၁၅ဝ မီတာရှိWork Boat Wharf ကိုလည်း တည်ဆောက် ထားပြီးဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်း ကြီးနှင့် ပိုက်လိုင်းတစ်လျှောက်တွင် ရေနံယိုဖိတ်မှုမရှိစေရန်နှင့် ရေနံ ယိုဖိတ်မှုများကို ထိန်းသိမ်းနိုင်စေရန် အစီအမံများအပြင် မီးဘေးကာကွယ် ရေးအစီအမံများကိုလည်း နိုင်ငံတကာအဆင့်မီ ထည့်သွင်းစီမံဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် နိုင်ငံတကာ အဆင့်မီကုမ္ပဏီများကို ငှားရမ်းကာ စနစ်တကျ အချက်အလက်ကောက်ယူ ပြီး စီမံချက်များ ပြုစုထုတ်ဝေခြင်း၊ စောင့်ကြည့်ရေးအစီအမံများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဒဲကျွန်းပေါ်တွင် နေထိုင်ကြသည့် ဒေသခံများ ရေချိုအသုံး ပြုနိုင်ရန် ရေလှောင်တာတမံတစ်ခု တည်ဆောက်ပေးပြီး မဒဲကျွန်းဒေသ ကျေးရွာများကို ပိုက်လိုင်းသွယ်တန်း ရေပေးဝေလျက်ရှိကြောင်း။

ယခုစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများ ပို့လွှတ်ပေးနိုင်ရန်သာမက ပြည်တွင်း သုံးစွဲမှုအတွက်ပါ ခွဲဝေပို့လွှတ်သွား မည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးပြုပေးနိုင် မည့်အပြင် စီမံကိန်းဆောင်ရွက် သည့်ဒေသရှိ ပြည်သူများကိုလည်း အကျိုးဖြစ်ထွန်းတိုးတက်စေမည်ဖြစ် ၍ နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိခြင်း၊ ရေနံစိမ်းခွဲဝေသုံးစွဲခွင့်ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေသကဲ့သို့ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ ခြင်း၊ ဒေသအလိုက်လူမှုစီးပွားကူညီ ထောက်ပံ့မှုများကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက် ဖွံ့ဖြိုးစေသည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည် ဖြစ်ကြောင်း။

ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့်တိုင်းဒေသကြီး(၄)ခု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် အခြေခံအဆောက်အအုံ စသောကဏ္ဍများတွင် ပါဝင်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေကန်၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ဆက်သွယ်ရေး၊ တယ်လီဖုန်း စသည်တို့ကို စီမံကိန်းစတင်သည့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ နှစ်စဉ် ပံ့ပိုးကူညီလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၆ သန်း အကုန်အကျခံကာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် အရှေ့တောင် အာရှရေနံစိမ်းပိုက်လိုင်း စီမံကိန်းသည် နိုင်ငံတော်ဝင်ငွေရရှိရေး၊ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံပြည်သူ လူထုအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးတို့ကို ရေရှည် အကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်း ကြီးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် CNPC ဥက္ကဌMr. Laio Yong yuan က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်CNPC ဥက္ကဋ္ဌတို့က မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း အကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းများ ကနဦးစတင် ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် Global Sensor အား လက်ဖြင့်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရေနံတင်သင်္ဘော ဝင်ရောက်လာပုံနှင့် ဆိပ်ကမ်းစီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု ရုပ်သံမှတ်တမ်းအား ဖွင့်လှစ်ပြသသည်။

ထို့နောက် ဒုတိယသမ္မတထံ CNPC ဥက္ကဋ္ဌက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment