Saturday, January 31, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်း






မြန်မာနိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအားလုံးကို အားသွန်ခွန်စိုက် ကြိုးပမ်းပံ့ပိုးထမ်းဆောင်ခဲ့မှုများ အပေါ် အသိအမှတ်ပြုခြင်းဖြစ်


နေပြည်တော် ဇန်နဝါရီ ၃ဝ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သဘင် ဆောင်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘူဆန်အမျိုးသားတက္ကသိုလ်ဥက္ကဋ္ဌ မစ္စတာ ကီဆီအိုကင်မ်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ဘူဆန်အမျိုးသား တက္ကသိုလ်ဥက္ကဋ္ဌ မစ္စတာ ကီဆီအိုကင်မ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား ဘူဆန်အမျိုးသားတက္ကသိုလ် ဥက္ကဋ္ဌ မစ္စတာ ကီဆီအိုကင်မ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်စကားပြောကြားရာတွင် မြန်မာနိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအားလုံးကို အားသွန်ခွန်စိုက်ကြိုးပမ်းပံ့ပိုးထမ်းဆောင်ခဲ့မှုများ အပေါ်အသိအမှတ်ပြုခံရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း။

မိမိတို့အနေဖြင့် လွန်ခဲ့သည့် လေးနှစ်ခန့်ကာလအတွင်း ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ အများအပြားရှိလာပြီး နယ်ပယ် အသီးသီးတွင် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအတွက် အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ အသိုင်းအဝိုင်းများ၏ အသိအမှတ်ပြုမှု၊ လက်ခံအားပေးမှုနှင့် ထောက်ခံပံ့ပိုးမှုများ ရရှိခဲ့ပါကြောင်း။

မိမိ၏ သမ္မတသက်တမ်းကာလအတွင်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် ကြုံတွေ့နေရဆဲဖြစ်သော်လည်း အဆိုပါ စိန်ခေါ်မှုများကို မိမိတို့ အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြပြီး ထူးခြားလေးနက်သည့် အတွေ့အကြုံ များလည်း ရရှိခဲ့ပါကြောင်း၊ ၂ဝ၁၁ ခုနှစ်အတွင်း မိမိ၏ အစိုးရအဖွဲ့နှင့်အတူ တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာစေရန်အတွက် အခြေခံအုတ်မြစ်များ ချပေး ခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များတွင် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။

လွှတ်တော်များ၊ နိုင်ငံရေးပါတီများနှင့် အမြော်အမြင်ကြီးမားသည့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင် ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုအစီအစဉ်များသည် ချောမွေ့ညင်သာစွာ တစ်ဆင့်ပြီးတစ်ဆင့် ပြီးစီးအောင်မြင်လာပြီဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်ကို ပြောင်းလဲရောက်ရှိရေးတွင် ယင်းအရှိန်ဖြင့်ပင် ရွေ့လျားပြောင်းလဲနေပြီး စီးပွားရေးတွင်လည်း ကဏ္ဍအတော်များများ၌ တိုးတက်အောင်မြင်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ လူမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုနှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက်လည်း ကြိုးပမ်းနေပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးပြီး ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးအတွက် မဟာဗျူဟာကျသည့် ရည်မှန်းချက်များနှင့် ဒီမို ကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

မိမိသမ္မတအဖြစ် တာဝန်ယူဆောင်ရွက်စဉ်အတွင်း ယခုကဲ့သို့ အရေးပါသည့် အချိန်ကာလတွင် မြန်မာနိုင်ငံကိုဦးဆောင်ပြီး ကမ္ဘာ့စင်မြင့်ပေါ် ပြန်လည် ရောက်ရှိအောင် အရေးပါသည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ့ နိုင်ငံ အသီးသီးနှင့်လည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများတိုးမြှင့် တည်ဆောက်နိုင်ခဲ့ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက် မှုများကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး တို့အပေါ် အလေးထားအခြေခံသည့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင် နိုင်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှုတို့အတွက်လည်းများစွာ အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအား တာဝန်ကျေပွန် သည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ခြင်းသည် မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရေးဂုဏ်သိက္ခာကိုလည်း ပြသနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှုများကို ရရှိခံစားလိုသည့် တူညီဆန္ဒများ ရှိနေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး သာယာမှုသည်လည်း ဒွန်တွဲနေသည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်အတွင်း၌ ရေရှည်ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှုနှင့် သာယာဝပြောမှုများကို တည်ဆောက် ဖန်တီးရန် ရနိုင်မည်မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများအနေဖြင့် စိတ်အားထက်သန်ကြပြီး နိုင်ငံရေးစေတနာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးသည် မဝေးတော့သည့်အနာဂတ်တွင် အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း။

ဘူဆန်အမျိုးသားတက္ကသိုလ်က ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့သည် မိမိတို့အစိုးရအဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ရရှိနိုင်မည်မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်နှင့် မိမိတို့တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ဆောင်ရွက်သွားကြရန် ရည်မှန်းချက်ထားရှိပါကြောင်း။

ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာယုံကြည်ပါ ကြောင်း၊ ဘူဆန်အမျိုးသားတက္ကသိုလ်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင်ရှိသည့် အခြားတက္ကသိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း။

ယခု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့သည် မိမိတို့၏ နိုင်ငံတော်နှင့် ပြည်သူများ အတွက် ကြိုးပမ်းအားထုတ်မှုများ၊ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်မှုများ၊ စိတ်ရော ကိုယ်ပါ မြှုပ်နှံဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ဘူဆန်အမျိုးသားတက္ကသိုလ်က အပ်နှင်းသည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အလေးအနက် တန်ဖိုးထားပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘူဆန်အမျိုးသား တက္ကသိုလ် ဥက္ကဋ္ဌ မစ္စတာ ကီဆီအိုကင်မ်နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် မိတ်ဆက်ပေးကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


(သတင်းစဉ်)

No comments:

Post a Comment