Saturday, January 31, 2015

ယနေ့ ကြေးမုံစာတည်းရှုထောင့်



လူမှုစီးပွားဘဝအောင်မြင်ရေး


မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချမည်ဟု နိုင်ငံတော်က ရည်မှန်းထားသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူအများစုနေထိုင်ရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးလုပ်ငန်းအား အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရပါသည်။

နိုင်ငံတော်က ကျေးလက်ဒေသနေပြည်သူများအတွက် ယနေ့ ဆောင်ရွက်ပေးနေမှုများကို မြင်တွေ့ရသည်မှာလည်း အားရဖွယ်ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်မှာ အရင်းအနှီးဖြစ်သည်။ အရင်းအနှီးမရှိ၍သာ အလုပ်ကိုကောင်းစွာမလုပ်နိုင်ဘဲ လူမှုစီးပွားဘဝနိမ့်ကျ ရခြင်းဖြစ်သည်။ ထိုလိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးမွေးမြူရေးနှင့် အိမ်တွင်းလုပ်ငန်းများအတွက် အသေးစားအရင်းအနှီး ထုတ်ချေးခြင်းနှင့် လယ်ယာသုံးပစ္စည်းများ အရစ်ကျရောင်းချခြင်းတို့ကို လုပ်ဆောင်ပေး လျက်ရှိနေသည်။

လောလောဆယ်တွင် အဆိုပါဆောင်ရွက်ပေးမှုများကို မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ရသည်။ ယခုနှစ် မကုန်မီတွင်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံကာ လယ်ယာသုံးစက်ကိရိယာများ အရစ်ကျထုတ်ပေးခြင်းနှင့် ချေးငွေစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါသည်။

ချေးငွေများထုတ်ချေးရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်းအတွက် ချေးမည်ဆိုလျှင် ၎င်း၏လူမှုစီးပွားအခြေအနေအရ ပြန်ဆပ်နိုင်သူရှိသလို အခက်အခဲများကြောင့် ပြန်မဆပ်နိုင်သူများလည်း ရှိတတ်သည်။ ထို့ကြောင့် ချေးငွေအရင်းအနှီးများကို အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ပြည်သူများ ကျေးလက်သမဝါယမအသင်းများတွင် ပြည်သူများအသင်းသားအဖြစ်ပါဝင်ကာ စနစ်တကျဆောင်ရွက်ခြင်းဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။

အသေးစားအရင်းအနှီးချေးငွေထုတ်ချေးရာတွင် သက်သာသော အတိုး နှုန်းထားဖြစ်၍ လေးငါးနှစ်အတွင်း ပြန်ဆပ်ရမည့် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်၍ လုပ်ငန်းလည်ပတ်အောင်သာ အသင်းသားများက ကြိုးပမ်းဆောင်ရွက်သင့် သည်။ ထိုကာလကျော်လွန်သောအခါ အသင်းသားပိုင်ရန်ပုံငွေဖြစ်လာပြီး ကျေးရွာတိုင်း ကျေးရွာတိုင်း ပြင်ပမှ ငွေချေးစရာမလိုတော့ဘဲ ကိုယ်ပိုင် အရင်းအနှီးဖြင့် ဆက်လက်ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယင်းသည် အခြေခံပြည်သူများ အကြွေးသံသရာမလည်ဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ ဆင်းရဲမှုလျှော့ချ ရေးနှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်တစ်ချိန်က အားနည်းချက်များကို သင်ခန်းစာယူပြီး ယခုလက်ရှိတွင် အောင်မြင်အောင် ဆောင်ရွက်ကြဖို့အရေးကြီးသည်။

ကျေးလက်ပြည်သူများအနေဖြင့် အရင်းအနှီးတစ်မျိုးတည်း ရရုံဖြင့် မလုံလောက်သေးဘဲ စိုက်ပျိုးမွေးမြူရေးနှင့် ရောင်းဝယ်ဖောက်ကားရေး တို့အတွက် လိုအပ်သောပစ္စည်းများနှင့် လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ လည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသင့်သည်။ လုပ်ငန်းအပေါ်မူတည်၍ အောင်မြင်မှုအတိုင်းအတာအလိုက် လိုအပ်သော အရင်းအနှီးများကိုလည်း ဆက်လက်ထုတ်ချေးသင့်သည်။ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှု အဆင်ပြေချောမွေ့ဖို့လည်း လိုအပ်သည်။

ထိုသို့ အဘက်ဘက်မှ ပြည့်စုံမှသာ ကျေးလက်နေပြည်သူများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နိုင်မည်ဖြစ်သည်။ အကြွေးသံသရာ မလည် တော့ဘဲ ကြီးပွားချမ်းသာခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များလည်း ဧကန်မုချအောင်မြင်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment