Friday, January 30, 2015

ခရီးသွားအောင်မြင်မှု ဆက်လက်ထိန်းသိမ်း

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

 မကြာသေးမီနှစ်များက အာဆီယံဒေသအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုတိုးတက် လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝင်ရောက်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းအနေဖြင့် အောင်မြင်မှုများရရှိလျက်ရှိပါသည်။ထိုအောင် မြင်မှုများထက် ပိုမိုအောင်မြင်မှုများရရှိအောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်မူ အာဆီယံနိုင်ငံ များအားလုံးက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အပြိုင်ကြိုးပမ်းနေကြခြင်းကြောင့် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၅ ဖွင့်ပွဲ အခမ်းအနား၌ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှု တစ်သန်းကျော်ရှိခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် မှတ်တိုင်တစ်ရပ်စိုက်ထူခဲ့ပါကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင်မူ တိုးတက်မှု ၉၄ ဒသမ ဝ၄ ရာခိုင်နှုန်းနှင့်အတူ ခရီးသည် ၂ ဒသမ ဝ၄ သန်းကျော်ဝင်ရောက်ခဲ့ကာ မှတ်တိုင်တစ်ရပ်ထပ်မံ စိုက်ထူနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် တိုးတက်မှု ၅၁ ရာခိုင်နှုန်းနှင့်အတူ ခရီးသည် သုံးသန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုလျှင် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၅ သန်းခန့် ဝင်ရောက်မည်ဟု မျှော်မှန်းနိုင်ပါကြောင်း၊ထို့အပြင် နိုင်ငံတကာ ခရီးသွားများအတွက် တည်ငြိမ်အေးချမ်းမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုများကို ပိုမိုဖြေလျှော့ပေးနိုင်သည်နှင့်အမျှ ၂ဝ၁၅ ခုနှစ်တွင် ခရီးသည်ငါးသန်းအထိ တိုးတက်ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရခြင်းတွင် အဓိက အကြောင်းအရာများရှိပါသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များသည် မြန်မာနိုင်ငံ၌ ဆီးဂိမ်းနှင့်အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း အကြောင်းအရာများကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပါသည်။ ယခု ၂ဝ၁၅ ခုနှစ် သည်ကား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၌ အထူးခြားဆုံး အကြောင်းအရာများဖြစ် လာလိမ့်မည်ဟုမျှော်လင့်ရပြီး ကမ္ဘာလှည့်ခရီးသွား အများအပြားကိုဆွဲဆောင်နိုင်မည့် အကြောင်းအရာများပင်ဖြစ်ပါသည်။ ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်သွားနိုင်မည်ဆိုလျှင် မျှော်မှန်းထားသည့်အတိုင်း ခရီးသွားငါးသန်းအထိ ဝင်ရောက်နိုင်ပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ခရီးသွားဒေသများသို့ သမားရိုးကျသွားရောက်သည့် ပုံစံမှအခြေအနေ အကြောင်းအရာများကြောင့်လည်းကောင်း၊စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကြောင့်လည်းကောင်း၊ သွားရောက်သည့်ပုံစံသို့ ပြောင်းလဲလာလျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်း၊ နိုင်ငံခြားသားများ အမြဲနေထိုင်နိုင်ရန် ခွင့်ပြုပေးခြင်းတို့သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်နေပြီး ကမ္ဘာ လှည့်ခရီးသွားများ ပိုမိုလာရောက်စေရေးအတွက် အထောက် အပံ့ဖြစ်စေနိုင်ပါသည်။ ခရီးသွားများ အစုလိုက်၊ အပြုံလိုက်၊ အသုတ်လိုက်လာရောက်နိုင်ရေး အစီအမံများ၊ ဆွဲဆောင်မှုများ မကြာခဏပြုလုပ်ပေးရန် အထူးပင်လိုအပ်ပါသည်။သို့ပါ၍ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆက်လက် အောင်မြင်မှုရရှိရေး ဘက်ပေါင်းစုံမှ ဆွဲဆောင်မှုများပြုလုပ်ကာ ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment