Friday, January 30, 2015

ရေးမြို့နယ်အတွင်း ငါးလုပ်ငန်းများ အဆင်မပြေဖြစ်နေ

Photo: ရေးမြို့နယ်အတွင်း ငါးလုပ်ငန်းများ အဆင်မပြေဖြစ်နေ

ရေး ဇန်နဝါရီ ၂၉

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်စုရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းကို   အဓိကထားလုပ်ကိုင်သော ကျေးရွာများတွင် ရင်းနှီးရသည့် ပမာဏများပြားခြင်း၊ ငါးဖမ်းမိမှုနည်းခြင်းနှင့်အလုပ်သမားကုန်ကျစရိတ် မြင့်မားနေခြင်းတို့ကြောင့်  ငါးဖမ်းလုပ်ငန်းရှင်များ   အဆင်မပြေကြကြောင်း သိရသည်။

အစင်ကျေးရွာအုပ်စုသည်   ငါးခြောက်၊ပုစွန်ခြောက်၊ ငါးနှပ်ခြောက်၊ ငါးပြားခြောက်များကို    အများဆုံးထုတ်လုပ်ပြီး ရန်ကုန်မြို့ ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့်   ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့ တင်ပို့ ရောင်းချနေသော ကျေးရွာဖြစ်သည်။အစင်စံပြကျေးရွာအုပ်စုမှ ငါးလုပ် ငန်းရှင်များသည်  ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ  လုပ်ကိုင်ရာတွင် ကျားဖောင်များဖြင့် ဖမ်းယူကြရာ ကျားဖောင်တစ်ဖောင်၏တန်ဖိုးမှာ ငွေကျပ်သိန်း ၇ဝ မှ ၁ဝဝ ဝန်းကျင်ခန့်အထိရှိခြင်း၊ ယခုနှစ်များတွင် ငါးကြီးငါးကောင်းဖမ်းဆီးမိမှုနည်းပြီး ရေပေါ်ငါးများ၊ ငါးပြားများ ကိုသာဖမ်းမိသဖြင့်   ဈေးကောင်းမရခြင်း၊ ရရှိသောငါးကုန်ကြမ်းများကို ဈေးကွက်အတွင်းသို့   ရောင်းချရသည်အထိ လုပ်ငန်းအဆင့်ဆင့်ဖြင့် သန့်စင်ပြီးလုပ်ကိုင်ရာတွင်  အလုပ်သမားခအပါအဝင် ထုတ်လုပ်မှုကုန် ကျစရိတ်များမြင့်မားခြင်းတို့ကြောင့် လုပ်ငန်းများ အဆင်မပြေကြကြောင်း ငါးဖမ်းလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

အစင်စံပြကျေးရွာအုပ်စုတွင် ငါးဖမ်းလုပ်ငန်းများကို နှစ်စဉ်သီတင်းကျွတ်လတွင် စတင်လုပ်ကိုင်လေ့ရှိကြပြီး တစ်ခါတစ်ရံ ရာသီဥတုအခြေ အနေအရ လုပ်ငန်းဝင်ချိန်အပြောင်းအလဲရှိကြောင်း၊ ယခုနှစ်များတွင် ရာသီဥတုလည်း  ဖောက်ပြန်သည့်အတွက်  ငါးကုန်ကြမ်းရရှိမှုနည်းပါးကာ အမြတ်အစွန်းရရှိမှုလည်း နည်းပါးခြင်းဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းရှင်တစ်ဦး၏   ပြောကြားချက်အရသိရသည်။

နေမျိုးထွဋ်(ရေး)

No comments:

Post a Comment