Saturday, January 31, 2015

ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံနှင့်ဆက်သွယ်မည့် အဝေးပြေးကားလမ်း တစ်လမ်းအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများ ပါဝင်

 Photo: ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံနှင့်ဆက်သွယ်မည့် 
အဝေးပြေးကားလမ်း တစ်လမ်းအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများ ပါဝင်

ဗန်ကောက်   ဇန်နဝါရီ   ၃ဝ 

တတိယအကြိမ်  မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ  အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့တက်ရောက်ရန်  ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော  ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့  ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ဗန်ကောက်မြို့Four Seasons Hotel  ၌  ကျင်းပသော  ထားဝယ်အထူး စီးပွားရေးဇုန်နှင့်  ဆက်စပ်စီမံကိန်း ဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  တတိယအကြိမ်  ပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတ နှင့်အတူ  အလုပ်သမား၊  အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ၊  ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ် အမ်အာရ်ပရီဒီယသွန်း   ဒိဗကုလနှင့်အတူ  ပို့ဆောင်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနများမှ ဝန်ကြီးများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားရာ၌ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး ရေးလုပ်ငန်းအဆင့်ဆင့်  အကောင်အထည်ဖော်ရန်    ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ  ၂၁ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်   ပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်   စီမံခန့်ခွဲမှု ကော်မတီနှင့်  အထူးလုပ်ငန်းယန္တရား (၁)အကြား မူဘောင်သဘောတူ စာချုပ်အသစ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်ဖက်ပူးပေါင်းအားထုတ်မှုရလဒ် ဖြစ်ကြောင်း၊  ဆက်လက်ဖွဲ့စည်း သွားမည့် အထူးလုပ်ငန်းယန္တရား(၂)ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်ပြီး  ထားဝယ်အထူးစီးပွားရေး ဇုန်နှင့်   ဆက်စပ်စီမံကိန်းများကို အနီးကပ် ချိတ်ဆက်ဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်း ကနဦးအဆင့်တွင် နှစ်လမ်းသွားလမ်း၊ ဆိပ်ကမ်းငယ်၊ စက်မှုရပ်ကွက်၊ ရေထောက်ပံ့မှုအစီ အစဉ်၊ လျှပ်စစ်ဓာတ်အားထောက်ပံ့မှု အစီအစဉ်၊   မြို့ပြအစီအစဉ်နှင့် မြေပြင်တယ်လီဖုန်း  ဆက်သွယ်ရေး စသည့်လုပ်ငန်းများဖြင့်   စတင်လုပ် ဆောင်မည်ဖြစ်ကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများသည် နှစ်နိုင်ငံပြည်သူများ အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့ ပေးနိုင်မည့်အပြင် မဟာမဲခေါင်ဒေသ တွင်းနိုင်ငံများ  ဖွံ့ဖြိုးတိုးတက်ရေး သာမက အိန္ဒိယ-မဟာမဲခေါင်     တောင်ဘက်စီးပွားရေးစင်္ကြံဖွံ့ဖြိုး တိုးတက်မှုကိုပါ  အကူအညီပေးနိုင် မည်ဖြစ်ကြောင်းဖြင့်  အမှာစကား ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင်  ယခုအချိန်၌   မြန်မာနှင့်ထိုင်း  နှစ်နိုင်ငံဆက်ဆံရေးသည် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ မကြာသေးခင်ကာလကပင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သမ္မတ၏   ထိုင်းနိုင်ငံ ခရီးစဉ်နှင့် ထိုင်းဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံ ခရီးစဉ်များအပါအဝင် အဆင့်မြင့် ပုဂ္ဂိုလ်များ၏ အပြန်အလှန်ချစ်ကြည် ရေးခရီးစဉ်များ  အများအပြားဖလှယ် နိုင်ခဲ့ကြောင်း၊ ထားဝယ်ဒေသ၏စီးပွား ရေးအရ   အချက်အချာကျမှုနှင့် အကျယ်အဝန်းပမာဏတို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်စွာ  အကောင်အထည် ဖော်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုကို  အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်စေမည်ဖြစ်ကြောင်း၊ ဤစီမံကိန်းသည်   မိမိတို့နှစ်နိုင်ငံကို သာမက ဒေသတစ်ခုလုံးအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။ 

အစည်းအဝေးတွင် ကနဦးအဆင့် အကောင်အထည်ဖော်မှုအား သီးခြားစီမံကိန်း (၃)ခုဖြင့် အကောင်အထည် ဖော်သွားရေး၊ မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများကို ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ သက်သာခွင့်ဆိုင်ရာ သဘောတူညီချက်များပါ ပြဋ္ဌာန်းချက်များကိစ္စ၊ အများပြည်သူမှ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရန်   လေ့လာသွားရေး စသည်တို့ကို နှစ်ဖက်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ဒုတိယ သမ္မတနှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် တို့ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီအထောက်အပံ့ဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်အတွက်  ကာလ ရှည် မဟာစီမံကိန်းတစ်ရပ် ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု နှင့် ထားဝယ် အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံနှင့်ဆက်သွယ်မည့် အဝေးပြေးကားလမ်းတစ်လမ်းအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများပါဝင်ကြောင်း၊ ထားဝယ်အထူးစီးပွား ရေးဇုန်  ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ထိုင်းအစိုးရသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွား ကားလမ်းအတွက် ဘဏ္ဍာ ရေးအကူအညီပေးအပ်သွားရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအစိုးရတို့သည် ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော် ရေးအတွက် ကတိကဝတ်ပြုကြောင်းနှင့် စီမံကိန်းအားအပြည့်အဝ ထောက်ခံကြောင်းဖြင့် ဖော်ပြပါရှိသည်။

ယနေ့နံနက်ပိုင်းတွင်   ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံ ကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ မြန်မာ-ထိုင်းပူးတွဲကော် မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ ပူးတွဲ ကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်ရေး ဒုတိယ ဝန်ကြီး မစ္စတာအာခွန်တန် ပစ်တရာ ပိုင်စစ်တို့က ဦးဆောင်ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ 

အလားတူ မွန်းလွဲပိုင်းတွင် တတိယ အကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီအစည်းအဝေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစည်းအဝေးတစ်ရပ် ကို ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေး ၌ ထားဝယ်အထူးစီးပွားဇုန် ထူထောင် ရေးအတွက် ဘဏ္ဍာရေးနှင့်နည်းပညာ အကူအညီများပေးအပ်ရန် ဂျပန်နိုင်ငံ က ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိ သည်။     

(သတင်းစဉ်)
 
No comments:

Post a Comment