Friday, January 30, 2015

ထာဝရဘေးမဲ့လွှတ်တော






ကြေးမုံစာတည်းရှုထောင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းလပ်မြို့နယ် နမ့်ခင်းကျေးရွာအုပ်စုတွင် ထာဝရဘေးမဲ့လွှတ်တောကို မကြာမီက ဖွင့်လှစ်ခဲ့သည်။ မြေလွတ်မြေရိုင်း ဧကများတွင် ကျွဲ၊ နွား၊ ဆိတ်၊ ယုန်၊ ကြက်ဆင်၊ ကြက်နှင့်ငှက်မျိုးစုံ ၃ဝဝ ကျော်ကို ဘေးမဲ့လွှတ်ပေးခြင်းသည် ကောင်းခြင်းမင်္ဂလာသတင်းဖြစ်သည်။ ဘေးမဲ့တောတွင် နောက်ထပ် ဧက ၄ဝဝ ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်း နိုင်မည်ဟု ဆိုသည် 

မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလာမှုကြောင့် တောမှီတိရစ္ဆာန်များသည် နေရာထိုင်ခင်း ပျောက်လာ ခဲ့သည်။ သစ်တောဂေဟစနစ်များ ပျက်ယွင်းလာမှုကြောင့် တောနေတိရစ္ဆာန် များသည် နေအိမ်ရပ်ဝန်းများအထိ ချင်းနင်းဝင်ရောက်လာသည်။ လေးနှစ်တာ ကာလအတွင်း လူအများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဆင်ကောင်ရေ ၇၃ ကောင် သေဆုံးခဲ့ရကြောင်း သစ်တောဦးစီးဌာနစာရင်းဇယားများအရ သိရသည်။

ယခင်က လယ်ယာကိုင်းကျွန်းလုပ်ငန်းခွင်များတွင် ကျွဲ၊ နွားများ လွှတ် ကျောင်းရာ စားကျက်မြေများရှိသည်။ ဒေသ၏ အသေးစားဘေးမဲ့တော လေးများဟု ဆိုနိုင်ပါသည်။ ထိုစားကျက်မြေများတွင် သိုက်မြုံဖွဲ့တည်နေထိုင် ကြသော တောတိရစ္ဆာန်များအနက် အချို့က ဝန်းကျင်လယ်ကွင်းများကို ညဘက်စောင့်ရှောက်ပေးတတ်ကြသည်။ ယခု ထိုစားကျက်မြေဘေးမဲ့တောများ ပျောက်ကွယ်သွားသည်။  


လတ်တလောဖြစ်စဉ်တစ်ရပ်မှာ ဟင်္သာတဘက်တွင် မတ်ပဲစိုက်ခင်း၊ ဧကသုံးထောင်ကျော်ကို ကြွက်များ ကိုက်ဖြတ်စားသောက်ခံနေရခြင်းဖြစ် သည်။ လယ်ယာမြေဂေဟစနစ် ပျက်ယွင်းလာမှုဆိုးကျိုး နမူနာတစ်ခုဖြစ်သည်။ လယ်ယာမြေဂေဟစနစ် မူလအတိုင်းပြန်ဖြစ်လာရန်မှာ ယခင်ကဲ့သို့ ရွာတိုင်း တွင် ကျွဲ၊ နွားများအတွက် လိုအပ်သလို လယ်သမားများအနေဖြင့် မိတ်ဆွေ သတ္တဝါများ မှီတင်းနေနိုင်ရန် စားကျက်ကွင်းများ ပြန်လည်ဖော်ထုတ်ပေးခြင်းမှ တစ်ပါး အခြားမရှိပါ။

စားကျက်မြေများရှိနေသမျှ လယ်ယာမြေဂေဟစနစ်ကို ထိန်းထားနိုင်မည်။ သစ်တောများကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် သစ်တောဂေဟစနစ် ယိုယွင်းမှု မရှိ ပုံမှန်ဖြစ်လာနိုင်မည်။ မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေကို ကြည့်လျှင် ၁၈၅၆ ခုနှစ်တွင် ၇ဝ ရာခိုင်နှုန်း၊ ၁၉၂၅ ခုနှစ်တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၇ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်းထိ လျော့နည်းလာပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၆ ရာခိုင်နှုန်း ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။ တိုးပွားလာသော လူဦးရေ နှင့်အတူ သစ်တောမြေများ လျော့နည်းလာရသလို အခြားတစ်ဖက်တွင်လည်း လူတို့၏ စည်းကမ်းမဲ့ ကိုယ်ကျိုးအတ္တကြောင့်ဟုလည်း ဆိုရပါမည်။ 


ယခုနှစ်အတွင်းထုတ်ပြန်သည့် ကုလသမဂ္ဂ၏စာရင်းအရ သစ်တော မြေများ နည်းပါးသွားသည်။ ယခုအခါ နိုင်ငံတော်နှင့် ပြည်တွင်း ပြည်ပ အလှူရှင်များက မိမိတို့နိုင်ငံ၏ ဒီရေတောများတိုးပွားလာရေး အလေးထား လာနေကြပါပြီ။ ထိုနည်းတူ အရှေ့၊ အလယ်၊ အနောက်ရိုးမသုံးသွယ် သစ်တောများထိန်းသိမ်းရေးကိုလည်း အာရုံစူးစိုက်လာနေကြပါပြီ။ 

မိမိတို့ပြည်သူများဘက်ကလည်း လူတစ်ယောက် သစ်တစ်ပင်ရှင်သန် စေခြင်းဖြင့် ကုသိုလ်ယူနိုင်ကြရပါမည်။ တတ်နိုင်ပါက စုပေါင်းညီညွတ် အားနှင့် ကျိုင်းလပ်မြို့နယ်ရှိ ထာဝရဘေးမဲ့တောလို သစ်တောဂေဟစနစ် ရှင်သန်ဖွံ့ဖြိုးအလှတိုးစေနိုင်ကြရမည်။ မိမိတို့နိုင်ငံသစ်တောများ ရှင်သန် ဖွံ့ဖြိုးလာစေရေးတွင် အားလုံးမှာ တာဝန်ရှိလာနေပြီ။ မျက်မှောက်ကာလ ရာသီဥတုနာမကျန်းဖြစ်နေမှုကို ကုစားနိုင်မည့် ဆေးကောင်းတစ်ရပ်မှာ သစ်တောသစ်ပင်များသာဖြစ်နေ၍ သစ်ပင်စိုက်ပျိုး သစ်တောဖွံ့ဖြိုးရေး သည် မိမိတို့အားလုံး၏ မဖြစ်မနေ ဆောင်ရွက်ကြရမည့်အခြေအနေဖြစ်လာနေပါပြီ။

'ဥတုရာသီ တောကိုမှီ၏' ဟု တိကျညွှန်းဆိုထားသည်မဟုတ်ပါလော။ အရေးကြီးဆုံးမှာ မည်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့သာ။ မည်သူသစ်ပင် ခုတ်ခုတ် ကိုယ်မခုတ်ဖို့သာ ပဓာန။ ဤသည်ပင် လူသားဆန်သော လူ့အသိ။ ဤအသိပိုင်ရှင်များ များပြားလာပြီဆိုလျှင် ''နိုင်ငံအဝှမ်း၊ သစ်တောစွမ်းဖြင့်၊ စိမ်းလန်းလာမည်'' အသေအချာဖြစ်သည်။ ထိုအချိန် သစ်တောလယ်ယာမြေ ဂေဟစနစ်များ တစ်ဖန်ရှင်သန်ဖွံ့ဖြိုးလျက် သတ္တလောကကို အကျိုးပြုပေး လာနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပါတည်း။ ။

No comments:

Post a Comment