Saturday, January 31, 2015

နိုင်ငံကူးသင်္ဘောသား ဖြစ်ခွင့်ရပြီလား

Photo: နိုင်ငံကူးသင်္ဘောသား ဖြစ်ခွင့်ရပြီလား
========================

သတင်းဆောင်းပါး-ခင်ရတနာ

ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနရုံးဝန်းကျင်တွင်   အရွယ်စုံ အမျိုးသားများ ပျားပန်းခတ်မျှ သွားလာနေကြသည်။ တူညီဝတ်စုံများဖြင့် ရွှေရောင်အနာဂတ်ကိုမျှော်ကာ ကျွမ်းကျင်မှု  လက်မှတ်ရယူကြသူများ၊ ကံကောင်းစွာ ဖြင့် ရာထူးများကို ဖြေဆိုအောင်မြင်ထားကြသော သင်္ဘောအရာရှိများ၊  အကျိုးဆောင်များထံ နေ့စဉ် ဆက်သွယ်ပြောဆိုနေကြသည့်   သင်္ဘောသားဖြစ်လိုသူ များစသည်ဖြင့် စုံလင်လှသည်။

''ပြန်လာချင်တယ်။   ဒါပေမယ့်   ပိုက်ဆံထက် အရေးကြီးတာ အတွေ့အကြုံပဲ။ ပြန်သွားရင် Sea Service နည်းတော့ နောက်တစ်ခေါက်အတွက် ခက် မယ်။ အဆင်မပြေရင်တောင် မပြန်ဘူးလို့ ဆုံးဖြတ် ပြီး နေခဲ့တယ်''ဟု    တတိယအကြိမ် သင်္ဘောလိုက်ရန် ကြိုးပမ်းနေသူ ကိုသန့်စင်က ဆိုသည်။

သူက  သင်္ဘောသားဖြစ်ခွင့်ရရန်  နှစ်နှစ်ခန့် ကြိုးစားခဲ့ရပြီး  ပွဲစားတစ်ဦးထံသို့ ငွေကျပ် ၃၅သိန်း ပေးအပ်ကာ ပထမဆုံး Sea Service  ရယူခဲ့ရသည်။ သို့သော်  ပွဲစားပြောခဲ့သည့်  နိုင်ငံတကာ သင်္ဘော ကြီးပေါ်  မဟုတ်ပါ။  မလေးရှားနိုင်ငံရှိ  ဆိပ်ကမ်း လုပ်ငန်းခွင်မှ  သဲစုပ်သင်္ဘောငယ်တစ်စင်းပေါ်တွင် အလုပ်လုပ်ရခြင်းဖြစ်သည်။

သင်္ဘောသားဝင်ငွေသည်  အခြားအလုပ်အကိုင် ဝင်ငွေထက် ပိုမိုများပြားသည်ဟု သိရှိလာကြပြီး ခေါ်ယူသော  လုပ်ငန်းနှင့်လုပ်ကိုင်လိုသည့် အရေ အတွက် မမျှတလောက်အောင် သင်္ဘောသားဖြစ်ခွင့် ရရန် ကြိုးပမ်းလာကြသည်။

''အပြင်သင်္ဘောသားတွေမပြောနဲ့ ရေကြောင်း တက္ကသိုလ်နဲ့    ရေကြောင်းသိပ္ပံဆင်းတွေတောင် အလုပ်ရဖို့ အရင်လောက်မလွယ်ဘူး။ တန်းစီထားတဲ့ လူကများပြီး ပေးနိုင်တဲ့ အလုပ်ကနည်းတယ်။ သင်္ဘော သားလက်မှတ်ရှိသူက   ရှစ်သောင်းဝန်းကျင်ရှိပြီး လုပ်ငန်းခွင်ထဲရောက်တာက  လူနှစ်သောင်းတောင် မပြည့်ပါဘူး''ဟု  ရေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော  သင်္ဘောသားကိုယ်စားလှယ် လုပ်ငန်းပေါင်း   ၂ဝဝ  ဝန်းကျင်ရှိပြီး  အများစုမှာ သင်္ဘောလိုင်းငယ်များဖြစ်သည်။ နာမည်ကြီး သင်္ဘော လိုင်းများက အလုပ်ခေါ်ယူသော်လည်း လူဦးရေနှင့် ရာထူး ကန့်သတ်မှုများရှိနေသည်။

''ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံမှာ  သင်္ဘောသားတွေ ဖောင်းပွနေတာ။ သူတို့တွေကို ပိုပြီး အလုပ်ခန့်အပ်တာမို့  မြန်မာ သင်္ဘောသားတွေ အလုပ်ရဖို့ခက်တယ်။ အရာရှိ ပိုင်းမှာလည်းသူတို့ပဲ ကမ္ဘာ့သင်္ဘောသားဈေးကွက်ကို အများဆုံး ဝင်ရောက်တယ်။ ဒီမှာတော့ အတွေ့အကြုံ ရှိတောင်  လိုင်းအပိုင်မရှိရင်  တစ်ခေါက်ထွက်ဖို့ ခြောက်လက တစ်နှစ်ဝန်းကျင်စောင့်ရတယ်။ အသစ်ဆို နှစ်ချီပြီးစောင့်ကြရတယ်''ဟု  စင်ကာပူသင်္ဘောလိုင်း တစ်ခုတွင် အလုပ်လုပ်နေသူ  ကိုကျော်ထူးက ပြောပြ သည်။

ပြင်ပသင်္ဘောသားများ   ညည်းညူနေကြရသည့် အလုပ်အကိုင်ရှားပါးမှုသည်    ရေကြောင်းပညာ တက္ကသိုလ်နှင့် ရေကြောင်းသိပ္ပံကျောင်းဆင်းများအဖို့ လည်း ထိခိုက်မှုရှိလာသည်ကို တွေ့ရသည်။

''စင်ကာပူမှာ အလုပ်သွားလျှောက်တာ နှစ်ခေါက် ရှိပြီ။  သင်္ဘောတည်ဆောက်ရေးပိုင်းက လူတွေပိုပြီး အလုပ်ရဖို့  ခက်တယ်။  ကံကောင်းတဲ့သူတွေလည်းရှိ တယ်။ အများစုက ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီ တဲ့အလုပ်ကို လုပ်ချင်ကြတာပေါ့။  ကျွန်တော်ကိုယ်တိုင် လည်း သင်္ဘောလိုက်ရင် ရနိုင်ပေမယ့် မလိုက်ချင်ဘူး။ နောက်တစ်ခါဆိုရင်တော့  အေးဂျင့်အကူအညီယူရ မယ်''ဟု ရေကြောင်းတက္ကသိုလ်မှ သင်္ဘောတည်ဆောက် ရေး ဘာသာရပ်ဖြင့် ကျောင်းပြီးထားသူ ကိုမင်းသူက ဆိုသည်။

ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာမြတ်လွင်က တက္ကသိုလ်မှ နှစ်စဉ်ကျောင်းသား သုံးရာကျော်   မွေးထုတ်ပေးနေပြီး  အလုပ်အကိုင် ရရှိမှု  ၇၅  ရာခိုင်နှုန်းရှိကြောင်း၊ ရေကြောင်းပညာနှင့် ရေကြောင်း  အင်ဂျင်နီယာဘာသာရပ်များ ပိုမိုအလုပ် အကိုင်ရရှိလာကြောင်း ပြောကြားသည်။

ရေကြောင်းပညာ  တက္ကသိုလ်မှ  ရေယာဉ်တည် ဆောက်မှုအင်ဂျင်နီယာ၊   ရေကြောင်းအင်ဂျင်နီယာ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ၊   ရေကြောင်း လျှပ်စစ်နှင့်      အီလက်ထရောနစ်အင်ဂျင်နီယာ၊ ရေကြောင်း သိပ္ပံသင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု  ဘွဲ့လွန် ဒီပလိုမာနှင့် ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာများ ကို သင်ကြားပေးခဲ့ပြီး ကျောင်းသားစုစုပေါင်း သုံးထောင် ဝန်းကျင် မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။

''ကုမ္ပဏီတွေနဲ့ နားလည်မှုစာချွန်တွေ ရေးထိုးထား တယ်။ ကျောင်းပြီးသွားရင် အလုပ်အကိုင်ရဖို့အတွက် စဉ်းစားပေးရပါတယ်။  အခုနောက်ပိုင်းမှာ  ကုမ္ပဏီ အများအပြားနဲ့ချိတ်ဆက်မိလို့  အလုပ်အကိုင်  ပိုမို ရရှိလာကြတယ်''ဟု  ဒေါက်တာမြတ်လွင်က ပြောပြ သည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လည်း ရေကြောင်းပညာရှင်များ ပိုမိုထွက်ပေါ်လာရေး နှင့် အရည်အသွေးပြည့်ဝသည့် ကုန်သွယ်ရေကြောင်း ပညာရှင်များအတွက် ခိုင်မာသည့် လုပ်ခလစာ၊ အလုပ် သမားအခွင့်အရေးများနှင့်   နစ်နာကြေး၊  လျော်ကြေး နှင့်  အလုပ်ရရှိရေးတို့အတွက်  ရပ်တည်ဆောင်ရွက် ပေးနေကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးမောင်မောင်ဦးက ပြောကြားသည်။

ရေကြောင်းပညာရှင်များအတွက်  သင်္ဘောဆင်း တိုင်းလိုအပ်သည့် မွမ်းမံသင်တန်းများနှင့် ရာထူးနေရာ အတွက်  စာမေးပွဲများကိုလည်း  ဖြေဆိုကြရသည်။ ပုဂ္ဂလိကနှင့်ဦးစီးဌာနလက်အောက်  သင်တန်းစာမေး ပွဲများ  ဖြေဆိုခြင်းများ ပြုလုပ်ကြရပြီး သင်ကြားရေး အတွက် ငွေကျပ် သိန်း ၅ဝ ကျော်အထိအဆင့်အလိုက် ကုန်ကျကြောင်း ကပ္ပတိန်ကိုမျိုးမြင့်အောင်က ပြော သည်။

 မြန်မာသင်္ဘောသားများရရှိသည့်   လစာသည် နိုင်ငံတွင်း အခြားအလုပ်အကိုင်များထက် ပိုမိုနိုင်သော် လည်း နိုင်ငံတကာ စံချိန်စံညွှန်းများအရ  ပြည့်မီမှုမရှိ သေးကြောင်း၊ ရာထူးများကိုလည်း စာမေးပွဲအောင်မြင် ထားသော်လည်း    ချက်ချင်းလက်ခံယူခွင့်အားနည်း နေသေးကြောင်း ကိုမျိုးမြင့်အောင်က ဆိုသည်။

''မြန်မာဆိုရင် လစာကပိုနည်းတယ်။ လိုင်းငယ် တွေမှာ ပိုဆိုးတယ်။ ကျွန်တော်ဆို Second Officer အောင်တာတစ်နှစ်ကျော်ပြီးမှ  ရာထူးနဲ့လစာမှန်တယ်။ မူလက Third Officer  ရာထူးနဲ့  တက်နေရတာ။ ကိုယ်ကလည်း ငွေကြေးအတွက် နှိမ်မှန်းသိပေမယ့် မလွန်ဆန်ရဲဘူး။ လိုင်းတွေ  ခဏခဏပြောင်းကြရတာ  သင်္ဘောသားတွေအတွက်  ပိုပြီးအခက်အခဲရှိတယ်။ အခုလည်း    ကပ္ပတိန်စာမေးပွဲအောင်ထားပေမယ့် ကပ္ပတိန်လစာ    အပြည့်တောင်းလို့မရသေးဘူး။ သို့သော် သင်္ဘောသားက ကုန်းပေါ်မှာနေရင် ပိုက်ဆံ ကုန်တာပဲရှိမယ်''ဟု သူက ပြောသည်။

သင်္ဘောသားလုပ်ခလစာကို နိုင်ငံတကာ အလုပ် သမားအဖွဲ့အစည်းက ပြဋ္ဌာန်းထားသည့် လစာမှာ အနိမ့်ဆုံး အခြေခံလစာအဖြစ် အမေရိကန်ဒေါ်လာ ၅၈၅ သတ်မှတ်ထားသော်လည်း မြန်မာအလုပ်သမား အများစုမှာ အနိမ့်ဆုံးလစာနှင့်  အချိန်ပိုကြေးအပါ အဝင် အမေရိကန်ဒေါ်လာ ၃၅ဝ မှ ၅ဝဝကြားသာ ရရှိကြောင်း မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမား များအဖွဲ့ချုပ်မှအဖွဲ့ဝင်ကိုထွန်းထွန်းဝင်းကပြောပြသည်။

''အမျိုးသားတွေ မိသားစုကို ပြည့်စုံလုံလောက် အောင်ထားဖို့ အလုပ်အကိုင်ရှားတယ်။ နိုင်ငံခြားသွား လုပ်လည်း နေရေးထိုင်ရေးပြဿနာရှိတယ်။ သင်္ဘော သားက အသားတင်လစာရတယ်ဆိုတော့ အဆင်ပြေ ကြတယ်။ ဒါပေမယ့် အရင်လောက် အလုပ်ရဖို့မလွယ် တော့ဘူး။ ပြန်ရောက်တာနဲ့ နောက်တစ်ခါ ပြန်ထွက်ဖို့ ကြိုးပမ်းကြရတော့ ကျွန်တော်တို့ ဒီအမ်အေပတ်ဝန်း ကျင်က လူအသစ်အဟောင်းတွေ စုံပြီး အမြဲစည်ကား နေတော့တာပဲ''ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနအနီး  ကုမ္ပဏီများနှင့်  သင်္ဘောသားများ အတွက် စာရွက်စာတမ်း စီစဉ်ဆောင်ရွက်ပေးနေသူ Documentation  ဝန်ထမ်းကိုတင်လင်းက  သူ့နေ့စဉ် အတွေ့အကြုံကို မျှဝေခဲ့သည်။
 
No comments:

Post a Comment